Published_ 2 August 2023

ကျန်းမာရေးကောင်းမွန်ရန်အတွက် ရေပိုမိုသောက်သုံးဖို့၊ လမ်းလျှောက်ပေးဖို့၊ အရက်သေစာလျှော့သောက်ဖို့ လိုအပ်တာကို သိကြပြီးဖြစ်ပါတယ်။

တရားမှတ်ခြင်းကြောင့် စိုးရိမ်ပူပန်ခြင်း၊ စိတ်ဓာတ်ကျခြင်းတို့ကို သက်သာစေတဲ့အပြင် ကောင်းစွာအိပ်စက်နိုင်ခြင်း၊ ဖိစီးမှုလျှော့ချခြင်း၊ နာကျင်ကိုက်ခဲမှုလျှော့ချပေးခြင်းတို့မှာ အကူအညီဖြစ်စေကြောင်း သုတေသန တွေ့ရှိထားပါတယ်။

အခုမှ တရားထိုင်ဖူးတာဆိုရင်တော့ ဘယ်လိုစလုပ်ရမလဲဆိုတာသိဖို့ ခက်ခဲနိုင်တာကြောင့် နံနက်တိုင်း စိတ်ချမ်းမြေ့တည်ငြိမ်စေရန် ၅ မိနစ်ခန့် အသက်ရှူလေ့ကျင့်ခန်း ပြုလုပ်ခြင်းဖြင့် စတင်သင့်ပါတယ်။

ပထမဆုံးအနေနဲ့ တရားထိုင်မယ့် အချိန်နဲ့နေရာကို ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

ချီကာဂိုမှ နေနှင့်လတရားကျင့်စဉ်စတူဒီယိုပိုင်ရှင် 'အယ်လ်မာအီဗန်နိုဗစ်'က မနက်တိုင်း အိပ်ရာထပြီးနောက် အိပ်ရာနဲ့ဆန့်ကျင်ဘက်မှာ ထိုင်ပြီး တရားထိုင်လေ့ရှိကာ ထိုနေရာမှာပဲ တစိုက်မတ်မတ် ကျင့်ကြံနေပါတယ်။

မနက်ပိုင်းမှာ လုပ်စရာတွေများနေရင်တောင် ၅ မိနစ်ခန့်တရားထိုင်ခြင်းဖြင့် စိတ်ဖိစီးမှုတွေနဲ့ စိုးရိမ်ပူပန်မှုတွေကို လျှော့ချနိုင်ပါတယ်။

အီဗန်နိုဗစ်ကတော့ သဲနာရီဖြင့် အချိန်သတ်မှတ်လေ့ရှိသလို ဒီဂျစ်တယ်နာရီ လက်ကိုင်ဖုန်းတို့ဖြင့်လည်း နိုးစက်သတ်မှတ်ပေးနိုင်ပါတယ်။

ရှိသမျှအာရုံတွေကို ခန္ဓာကိုယ်မှာစုစည်းပြီး ကြမ်းပြင်နဲ့ခြေထောက် ထိနေတာမျိုး၊ ကျောကုန်းညောင်းညာလာတာမျိုး၊ ဆူညံသံများ၊ အနံ့အသက်များ၊ အလင်းရောင်၊ ပါးစပ်ထဲက အရသာတစ်ခုခုကို ခံစားတာမျိုး ပြုလုပ်နိုင်ပြီး အသုံးအဝင်ဆုံးကတော့ အသက်ရှူသွင်းရှူထုတ်ခြင်းကို အာရုံစိုက်နေသင့်ပါတယ်။

မန္တန်အခြေခံပြီး တရားထိုင်ခြင်းက စိတ်ကျန်းမာရေးကို အထောက်အကူဖြစ်နိုင်ပြီး သွေးတိုးအခြေအနေကိုပင် လျှော့ချနိုင်တယ်လို့ သုတေသနပြုချက်များအရ သိရပါတယ်။

ရှူသွင်းရှူထုတ်ပြုလုပ်ခြင်းမှာ 'ဝင်လေ' 'ထွက်လေ'ဆိုပြီး မှတ်သားရွတ်ဆိုပေးခြင်းဖြင့် ပိုမိုအာရုံစိုက်နိုင်မှာဖြစ်ပါတယ်။

စိတ်က အခြားနေရာကို လွင့်ချင်ပြီဆိုလျှင် အသက်ရှူသွင်းရှူထုတ်ခြင်းဆီကို ပြန်လည်အာရုံစိုက်သင့်ပြီး တရားထိုင်ကျင့်ကြံလမ်းညွှန် နားထောင်ခြင်းဖြင့်လည်း ပိုမိုအာရုံစိုက်နိုင်မှာ ဖြစ်ပါတယ်။

၅ မိနစ်ကြာ တရားထိုင်ခြင်းကိုပင် သက်တောင့်သက်သာ မထိုင်နိုင်တဲ့သူတွေလည်း ရှိတဲ့အပြင် အတွေးတွေကို ငြိမ်ငြိမ်းလေးနဲ့ ထိုင်ဖို့က အလွန်ခက်ခဲပါတယ်။

လမ်းလျှောက်ပြီး တရားမှတ်ခြင်းဖြင့်လည်း စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေ စိတ်ဓာတ်ကျခြင်းတို့ကို လျော့ပါးစေနိုင်ကြောင်း သုတေသန တွေ့ရှိထားပါတယ်။

အခြားအတွေးတွေဝင်လာရင် ပြန်လည်ထိန်းချုပ်ပြီး လမ်းလျှောက်နေစဉ် ခန္ဓာကိုယ်ခံစားရခြင်းကို သတိမူသင့်ပါတယ်။
Source: CNA
#World_Health
#Local_News
#YMG #Yangon_Times