#World_Lifestyle
Published 1 August 2023


တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ ကလေးတွေဟာ အလွန်ငယ်ရွယ်စဉ်ကတည်းက စမတ်ဖုန်းတွေ၊ တက်ဘလက်တွေ၊ ကွန်ပျူတာတွေ၊ တီဗီတွေ အသုံးပြုနေကြပြီး ခေတ်မီနေထိုင်မှုဘဝကြီးရဲ့ အရေးပါတဲ့အရာတွေ ဖြစ်လာပါတယ်။

 

နည်းပညာတွေက အကျိုးကျေးဇူးတွေနဲ့ သင်ယူလေ့လာနိုင်ဖို့ အခွင့်အလမ်းများစွာရှိပေမယ့် အဆိုပါစက်ပစ္စည်းတွေကို အလွန်အကျွံအသုံးပြုခြင်းကြောင့် ကလေးရဲ့ ဖွံ့ဖြိုးတိုးတက်မှုအပေါ် ထိခိုက်လာမှာကို စိုးရိမ်နေကြပါတယ်။

 

ကလေးဖွံ့ဖြိုးမှုအတွင်း စက်ပစ္စည်းဖန်သားပြင်ကို အချိန်များစွာကြည့်ရှုပါက သူတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာ၊ သိမြင်နိုင်မှုဆိုင်ရာ၊ စိတ်ခံစားမှုဆိုင်ရာ၊ လူမှုပေါင်းသင်းရေးဆိုင်ရာ ဖွံ့ဖြိုးမှုအပိုင်းတွေမှာ ထိခိုက်စေနိုင်ဖွယ် ရှိနေပါတယ်။

 

အပြန်အလှန်ပြောဆိုခြင်းနဲ့ ပညာသင်ကြားရေးအက်ပ်တွေက ကလေးတွေရဲ့ အသိဉာဏ်စွမ်းရည်၊ ပြဿနာဖြေရှင်းခြင်းစွမ်းရည်၊ ဖန်တီးနိုင်မှုစွမ်းရည်တွေကို မြှင့်တင်ပေးနိုင်ပေမယ့် အသုံးပြုချိန်များလွန်းရင်တော့ အရေးကြီးတဲ့ အသိဉာဏ်ဆိုင်ရာ လုပ်ဆောင်ချက်များရဲ့ ဖွံ့ဖြိုးမှုကို နှောင့်နှေးစေနိုင်ပါတယ်။

 

ကလေးတွေရဲ့ အစောပိုင်းအသက်အရွယ်မှာ ကလေးထိန်းသူတွေ၊ သက်ဆိုင်သူတွေနဲ့ ဆက်ဆံရာကနေ ဘာသာစကားနဲ့ ပြောဆိုဆက်ဆံမှုစွမ်းရည်တွေ သင်ကြားနိုင်ပေမယ့် နည်းပညာပစ္စည်းများ အသုံးပြုချိန်များလွန်းရင်တော့ မျက်နှာချင်းဆိုင် ပြောဆိုမှုလျော့နည်းသွားကာ စိတ်ခံစားမှုဖော်ပြခြင်းကို ထိခိုက်စေနိုင်ပါတယ်။

 

ဒါ့အပြင် အသုံးပြုမှု စွဲလမ်းလာတဲ့အခါ အဝလွန်ခြင်းနဲ့ အခြားကျန်းမာရေးပြဿနာတွေ ဖြစ်နိုင်ချေရှိပါတယ်။

 

အိပ်ရာမဝင်ခင် ဖုန်း၊ ကွန်ပျူတာကြည့်ခြင်းကြောင့် ကလေးတွေရဲ့ အိပ်စက်မှုပုံစံကို ထိခိုက်စေကာ အိပ်ရေးပျက်ခြင်း၊ အပြုအမူပိုင်းပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။

 

ကလေးနဲ့ မိဘတွေရဲ့ ရင်းနှီးမှုကိုလည်း ထိခိုက်စေတာကြောင့် ထိုပစ္စည်းများလျှော့ချအသုံးပြုပါက ကလေးမိဘဆက်ဆံရေးကို မြှင့်တင်ပေးနိုင်ပါတယ်။

 

ထိုနည်းပညာတွေကနေ ကြမ်းရမ်းမသင့်လျော်တဲ့ အကြောင်းအရာများ ကြည့်ရှုမိခြင်းကြောင့် ကလေးတွေမှာ ရန်လိုတဲ့အပြုအမူတွေ ဖြစ်လာနိုင်ပါတယ်။

 

အာရုံစိုက်မှုပြဿနာနဲ့ ကဏာမငြိမ်ခြင်းမျိုး ဖြစ်ပွားနိုင်ပြီး အလုပ်တာဝန်တွေနဲ့ အဓိပ္ပာယ်ရှိတဲ့လုပ်ရပ်တွေအပေါ် အာရုံစူးစိုက်မှု ခက်ခဲစေနိုင်ပါတယ်။

 

ပညာရေးနဲ့ တစ်ကိုယ်ရည်အောင်မြင်မှုတွေအတွက် အလွန်ရေးပါတဲ့ မိမိကိုယ်ကိုထိန်းချုပ်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါတယ်။

 

ကလေးတွေရဲ့ ဖုန်း၊ ကွန်ပျူတာအသုံးပြုချိန် လျှော့ချဖို့အတွက် အထောက်အကူဖြစ်စေမယ့် အကြံပြုချက်တွေကတော့..
- ကလေးအသက်အရွယ်အလိုက် နေ့စဉ်ကြည့်ရှုချိန်ကို ကန့်သတ်ထားရှိပါ။


- ပြင်ပလှုပ်ရှားမှုများနဲ့ ဆော့ကစားခြင်းများကို အားပေးပါ။

 

- အိပ်ခန်း၊ ထမင်းစားစားပွဲ အစရှိတဲ့နေရာတွေမှာ ဖုန်းမသုံးရနေရာအဖြစ် သတ်မှတ်ပါ။


- ကလေးတွေ နည်းပညာပစ္စည်းတွေ အသုံးပြုတဲ့အခါ သူတို့နဲ့အတူ ကြည့်ရှုခြင်း၊ ဆော့ကစားခြင်း ပြုလုပ်ခြင်းဖြင့် ထိန်းကျောင်းပေးပါ။

 

- ကလေးဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အကြောင်းအရာတွေကို ရွေးချယ်ပေးပါ။

 

- ရုပ်သံဖြည်းဖြည်းမှန်မှန်ဖြင့် ပြသတဲ့အကြောင်းအရာတွေကို ဦးစားပေးပါ။

 

- အိပ်ချိန်ကို သတ်သတ်မှတ်မှတ် ထားရှိပေးပါ။

 

- မိသားစု၊ ဆွေမျိုးသားချင်းများနဲ့ မျက်နှာချင်းဆိုင်ပြောဆိုမှုကို အားပေးပါ။

 

- သင့်ကလေးအတွက် အပြုသဘောဆောင်တဲ့ စံပြပုဂ္ဂိုလ် ဖြစ်နေပါစေ။

 

Source: WION #World_Lifestyle
#Yangon_Times