#World_News
Published 22 July 2023


အမေရိကန်သမ္မတ 'ဂျိုးဘိုင်ဒင်'က CIA ညွှန်ကြားရေးမှူး 'ဝီလျံဘန်းစ်'ကို အစိုးရအဖွဲ့ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ပေးရန် သောကြာနေ့က ကမ်းလှမ်းလိုက်ပါတယ်။

 

ဒါဟာ အမျိုးသားလုံခြုံရေးနဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အနီးကပ်ဆုံး အကြံပေးတစ်ဦးကို ရာထူးတိုးမြှင့်ပေးရန် ဆုံးဖြတ်လိုက်တာ ဖြစ်ပါတယ်။

 

သူ့ရဲ့ဦးဆောင်မှုအောက်မှာ CIA ဟာ နိုင်ငံတော် ထိပ်တန်းလုံခြုံရေးစိန်ခေါ်မှုတွေကို ရှင်းရှင်းလင်းလင်းနဲ့ ရေရှည်ချဉ်းကပ်ဆောင်ရွက်နေကြောင်း ဘိုင်ဒင်က မိန့်ကြားလိုက်ကာ ယူကရိန်းကို ရုရှားကျူးကျော်ခြင်းနဲ့ အမေရိကန်နဲ့ တရုတ်ပြိုင်ဆိုင်မှုတို့မှာ ဘန်းစ်ရဲ့ချဉ်းကပ်ပုံတွေကို ဖော်ညွှန်းချင်တာဖြစ်ပါတယ်။

 

ဝါရှင်တန်ပို့စ်က အစောပိုင်းကတည်းက ဒီအစီအစဉ်ကို ဖော်ပြခဲ့ပြီး ဒါဟာ ကြီးမားတဲ့သင်္ကေတဖြစ်ကာ ဘန်းစ်ကို အာဏာအသစ်တွေ ပေးအပ်သွားမှာ မဟုတ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

အခုလိုခန့်အပ်ခြင်းဟာ ဘန်းစ်ရဲ့ အတွေ့အကြုံအပေါ် ဘိုင်ဒင်ရဲ့ ယုံကြည်မှုကို ဖော်ပြနေကြောင်း အမေရိကန်၏ ဂျာမန်မာရှယ်ရန်ပုံငွေမှ အင်ဒို-ပစိဖိတ်ပရိုဂရမ်အကြီးအကဲ 'ဘွန်နီဂလေဆာ'က ပြောကြားလိုက်ပါတယ်။

 

၂၀၂၁ မှာ CIA ကို စတင်ဦးဆောင်ခဲ့တဲ့ ဘန်းစ်ဟာ နိုင်ငံတော်လုံခြုံရေး ဆုံးဖြတ်ချက် ချမှတ်ရာမှာ သိသာထင်ရှားစွာ ပါဝင်ကူညီနိုင်ခဲ့ပြီး အထူးသဖြင့် ရုရှားနဲ့တရုတ်ကိစ္စတို့မှာ ပါဝင်ကူညီထားတယ်လို့ ဂလေဆာက ဆိုပါတယ်။

 

CIA ညွှန်ကြားရေးမှူးအနေနဲ့ အစိုးရအဖွဲ့ဝင် ဖြစ်လာတဲ့အထဲမှာ ဘန်းစ်က ပထမဆုံးတော့ မဟုတ်ပါဘူး။

 

သမ္မတဟောင်း 'ဘီလ်ကလင်တန်'က CIA ညွှန်ကြားရေးမှူးတွေဖြစ်တဲ့ 'ဂျွန်ဒက်ချ်'နဲ့ 'ဂျော့ဂျ်တဲနက်'တို့ကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့သလို 'ရော်နယ်ရီဂန်'ကလည်း 'ဝီလျံကေဆီ'ကို ခန့်အပ်ခဲ့ဖူးပါတယ်။

 

ဒါဟာ CIA မှာ ဘန်းစ်ရဲ့ အခန်းကဏ္ဍ အလွန်သက်ရောက်မှုရှိတယ်ဆိုတဲ့ သက်သေပဲဖြစ်တယ်လို့ ဂျော့ဂျ်တောင်းတက္ကသိုလ် လုံခြုံရေးလေ့လာမှုပရိုဂရမ် ညွှန်ကြားရေးမှူး 'ဒန်နီယယ်ဘိုင်မန်း'က ပြောကြားခဲ့ပါတယ်။

 

"ဘန်းစ်ဟာ ဘိုင်ဒင်ရဲ့ နိုင်ငံခြားရေးပေါ်လစီမှာ အရေးပါတဲ့ အစိတ်အပိုင်းဖြစ်သလို ထောက်လှမ်းရေးခေါင်းဆောင် တစ်ဦးဖြစ်တဲ့အပြင် ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ အခြားနိုင်ငံတွေအတွက်လည်း သံတမန်တစ်ဦးဖြစ်ပါတယ်။ ဘိုင်ဒင်က ဘန်းစ်ရဲ့ အသိပညာနဲ့ ကျွမ်းကျင်မှုတို့ကို အသုံးချချင်နေတာပါ" လို့ ပြောကြားသွားပါတယ်။

 

သမ္မတတွေက သူတို့ရဲ့အစိုးရအဖွဲ့မှာ ကိုယ်စားပြုတဲ့ အေဂျင်စီများကို ကွဲပြားအောင်ပြုလုပ်လေ့ရှိကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

 

ဥပမာအားဖြင့် သမ္မတ'ဘာရက်အိုဘားမား'က အသေးစားစီးပွားရေး စီမံခန့်ခွဲမှုအကြီးအကဲကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့သလို ကလင်တန်က ဖက်ဒရယ်အရေးပေါ် စီမံရေးအေဂျင်စီအကြီးအကဲ 'ဂျိမ်းစ်ဝစ်'ကို အစိုးရအဖွဲ့ထဲ ခန့်အပ်ခဲ့ကြပါတယ်။

 

Source: Reuters #World_News #ဝီလျံဘန်းစ်အား အစိုးရဝန်ကြီးအဖွဲ့ဝင်အဖြစ်ရာထူးတိုးမြှင့်ကမ်းလှမ်း
#YMG #Yangon_Times