#World_Military
Published 8 July 2023


နိုင်ငံအများအပြားမှ တားမြစ်ထားတဲ့ အပြွတ်ဗုံးများကို နယ်မြေကျူးကျော်နေတဲ့ ရုရှားတပ်ဖွဲ့များအား တန်ပြန်တိုက်ခိုက်မယ့် ယူကရိန်းတို့အတွက် အမေရိကန်က ထောက်ပံ့သွားမှာဖြစ်ကြောင်း ဇူလိုင် ၇ ရက်နေ့က ကြေညာလိုက်ပါတယ်။

 

နေတိုး(NATO)အဖွဲ့အစည်းထဲသို့ ယူကရိန်းဝင်ရောက်ရေး ပိုမိုနီးစပ်စေရန် ဘယ်လိုပြုလုပ်မလဲဆိုတဲ့အကြောင်းကို လာမယ့်ရက်သတ္တပတ်အတွင်း ထိပ်သီးအစည်းအဝေးမှာ တိုင်ပင်သွားမယ်လို့ နေတိုးခေါင်းဆောင်က ပြောကြားလိုက်ပါတယ်။



အမေရိကန်မှ အဆိုပါဗုံးထောက်ပံ့မယ့် အစီအစဉ်ကို လူ့အခွင့်အရေးလှုပ်ရှားမှု အဖွဲ့များနဲ့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးတို့က မေးခွန်းထုတ်နေကြပါတယ်။

 

ယခုထောက်ပံ့ကူညီမှုက ဒေါ်လာသန်း ၈၀၀ တန်ကြေးရှိကာ ၂၀၂၂ ဖေဖော်ဝါရီလက ရုရှားတို့ ယူကရိန်းကို ကျူးကျော်စဉ်ကစပြီး အမေရိကန်မှ စစ်ဘက်ဆိုင်ရာ ထောက်ပံ့ကူညီမှုတွေက စုစုပေါင်းဒေါ်လာ ၄၀ ဘီလီယံကျော်လာပြီ ဖြစ်ပါတယ်။

 

ယူကရိန်းတန်ပြန်ထိုးစစ်အတွက် သင့်လျော်မယ့်အချိန်အတွင်း အဆိုပါဗုံးများကို ပို့ဆောင်သွားမယ်လို့ ပင်တဂွန်အရာရှိတစ်ဦးက သတင်းထောက်များကို ပြောကြားလိုက်ပါတယ်။

 

အပြွတ်ဗုံးတွေကို နိုင်ငံပေါင်း ၁၀၀ ကျော်မှ တားမြစ်ထားပြီး အဆိုပါဗုံးကနေ ဗုံးအသေးအမွှားများစွာ ထွက်လာကာ နေရာကျယ်ကျယ်တစ်ခုအတွင်း ဘယ်သူမှမခွဲခြားဘဲ သေစေနိုင်တဲ့အပြင် မပေါက်ကွဲတဲ့ဗုံးတွေကလည်း စစ်ပွဲပြီးသည့်တိုင်အောင် ဆယ်စုနှစ်တွေကြာတဲ့အထိ အန္တရာယ်ရှိနေဆဲ ဖြစ်ပါတယ်။

 

ယူကရိန်းဘက်က ဒီဗုံးကို အရပ်သားတွေ ထိခိုက်မှုအနည်းဆုံးဖြစ်အောင် အလွန်ဂရုစိုက် အသုံးပြုသွားမယ်လို့ စာရေးသားအာမခံထားကြောင်း အိမ်ဖြူတော်အမျိုးသားလုံခြုံရေးအကြံပေး 'ဂျိတ်ခ်ဆာလီဗန်'က ပြောကြားခဲ့ပါတယ်။

 

အမေရိကန်သမ္မတ'ဂျိုးဘိုင်ဒင်'က ဒီဗုံးတွေပို့ဆောင်ရန် ခက်ခက်ခဲခဲ ဆုံးဖြတ်ခဲ့ရပေမယ့် ယူကရိန်းတို့ လိုအပ်နေတဲ့အရာဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။

 

ဖက်ဒရေးရှင်းကောင်စီ နိုင်ငံတကာကော်မတီအကြီးအကဲ 'ဂရီဂိုရီကရာဆင်'က အမေရိကန်နဲ့ နေတိုးခေါင်းဆောင်တို့ရဲ့ ဆုံးဖြတ်ချက်များကို အလွန်စိုးရိမ်မိကြောင်း RIA သတင်းဌာနက တင်ပြခဲ့ပါတယ်။

 

ဇွန်လအစောပိုင်း တန်ပြန်ထိုးစစ်စတင်ပြီးနောက်ပိုင်း ယူကရိန်းတောင်ပိုင်းရှိ ရွာအချို့ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်နက်အင်အားနဲ့ လေကြောင်းကာကွယ်မှု နည်းပါးနေတယ်လို့ ယူကရိန်းက ပြောထားပါတယ်။

 

ဇူလိုင် ၁၁ ရက်နေ့နဲ့ ၁၂ ရက်နေ့ထိပ်သီးအစည်းအဝေးမတိုင်ခင် ယူကရိန်းသမ္မတ'ဇယ်လန်စကီ'က နေတိုးအဖွဲ့ဝင်ဖြစ်မြောက်ရေးအတွက် ဘူလ်ဂေးရီးယားမှာ ထောက်ခံမှုရရှိအောင် ပြောကြားခဲ့ပြီးနောက် ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဆလိုဗေးကီးယား၊ တူရကီတို့ကိုလည်း သွားရောက်လည်ပတ်ခဲ့ပါတယ်။

 

ရုရှားနဲ့စစ်ဖြစ်နေစဉ် ယူကရိန်းအနေနဲ့ နေတိုးထံဝင်ရောက်ဖို့ရာ မဖြစ်နိုင်ဘူးဆိုတာကို ဇယ်လန်စကီက သဘောပေါက်ထားပါတယ်။

 

Source: CNA #World_Military #ယူကရိန်းအတွက်အပြွတ်ဗုံးများ
#Yangon_Times