#World_Politics
Published 6 July 2023


ထိုင်းဝန်ကြီးချုပ်အသစ် အရေးကြီးမဲခွဲဆုံးဖြတ်မှုအတွက် ပါလီမန်ပူးတွဲအစည်းအဝေးကို ဇူလိုင် ၁၃ ရက်နေ့မှာ ကျင်းပမှာဖြစ်ပြီး Move Forward Party(MFP) ခေါင်းဆောင် 'ပီတာလင်မ်ဂျရိုအင်ရတ်' ဝန်ကြီးချုပ်ဖြစ်ဖို့ကလည်း မရေရာသေးဘဲ ဖြစ်နေပါတယ်။

 

ဝန်ကြီးချုပ်လောင်းတစ်ဦးအနေနဲ့ ပထမအကြိမ်မဲပေးမှုမှာ အနိုင်မရခဲ့ပါက ပူးတွဲအစည်းအဝေးမှာ လိုအပ်တဲ့ထောက်ခံမှု ရရှိတဲ့အထိ နောက်ထပ်မဲပေးမှုအကြိမ်တွေ ပြုလုပ်သွားမှာဖြစ်ကြောင်း အောက်လွှတ်တော်ဥက္ကဌ 'ဝမ်မိုဟာမက်နူးရ်မာသာ'က ဗုဒ္ဓဟူးနေ့မှာ ပြောကြားခဲ့ပါတယ်။

 

မစ္စတာပီတာ အနိုင်မရပါက မေလ ၁၄ ရက်နေ့ရွေးကောက်ပွဲမှာ အောက်လွှတ်တော်အမတ်နေရာ ဒုတိယအများဆုံးအနိုင်ရခဲ့တဲ့ ဖူထိုင်းပါတီက ကိုယ်စားလှယ်လောင်း တင်သွင်းသွားမှာလားဆိုတာတော့ မသေချာသေးပါဘူး။

 

ဖူထိုင်းပါတီက မစ္စတာပီတာကို ထောက်ခံပေမယ့် သူသာအနိုင်မရပါက သူတို့ရဲ့ကိုယ်စားလှယ်လောင်းတွေကို တင်သွင်းဖို့စဉ်းစားသွားမယ်လို့ ဖူထိုင်းပါတီမှ အရေးကြီးပုဂ္ဂိုလ်များက ဆိုထားဖူးပါတယ်။

 

PPRP နဲ့ UTN ပါတီတို့လို ညွန့်ပေါင်းပါတီတွေအနေနဲ့လည်း အမည်စာရင်း တင်သွင်းသွားမှာလားဆိုတာ မသိရသေးပါဘူး။

 

PPRP နဲ့ UTN ပါတီတို့ကတော့ သက်ဆိုင်ရာ ကိုယ်စားလှယ်လောင်းတွေ ထောက်ခံမှုရရှိရန် ခက်ခက်ခဲခဲ စည်းရုံးရဖို့ရှိနေကြောင်း သတင်းရင်းမြစ်တွေက ဆိုပါတယ်။

 

ပါလီမန်ဥက္ကဌမစ္စတာဝမ်က အထက်လွှတ်တော်ဥက္ကဌ 'ပွန်ပက်ချ်ဝီချစ်ချော်ချိုင်'နဲ့ ဆွေးနွေးတိုင်ပင်ကာ ဇူလိုင် ၁၃ ရက်နေ့မှာ မဲပေးမှုပြုလုပ်ရန် စီစဉ်ထားတယ်လို့ ပြောပြခဲ့ပါတယ်။

 

မဲပေးခြင်းအတွက် အထက်လွှတ်တော်ကိုယ်စားလှယ် ၂၅၀ နဲ့အတူ အောက်လွှတ်တော်ကိုယ်စားလှယ် ၅၀၀ ကို အခြေခံဥပဒေအရ ပါဝင်ခွင့်ပေးထားပါတယ်။

 

ဇူလိုင် ၁၃ ရက်နေ့ ပထမအကြိမ်မဲပေးမှုမှာ ဝန်ကြီးချုပ်လောင်းတစ်ဦး အနိုင်ရဖွယ်ရှိကြောင်းလည်း ပြောပြခဲ့ပါတယ်။

 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဝန်ကြီးချုပ်လောင်းတစ်ဦးအနေနဲ့ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်တို့မှ လူဦးရေ ၇၅၀ တဝက်ရဲ့ ထောက်ခံမှုကို ရရှိရန်လိုအပ်ပါတယ်။

 

MFP ပါတီက အထွေထွေရွေးကောက်ပွဲမှာ နေရာအများဆုံး အနိုင်ရရှိထားပြီး အစိုးရဖွဲ့စည်းခွင့် ရရှိထားပါတယ်။

 

ရွေးကောက်ခံတွေက ရွေးကောက်ပွဲကော်မရှင်ထံ ပါတီတွေမှတင်သွင်းထားတဲ့ စာရင်းထဲမှ ဖြစ်ရမှာဖြစ်ပြီး စစ်တမ်းအေဂျင်စီက သူတို့ကို စစ်ဆေးပြီးသားဖြစ်ရပါမယ်။

 

ပါလီမန်ပူးတွဲကနေ ဝန်ကြီးချုပ်အသစ်မရွေးနိုင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၇၂ အရ အစားထိုးနည်းလမ်းအတိုင်း လုပ်ရမှာဖြစ်ပါတယ်။

 

#World_Politics #ပီတာလင်မ်ဝန်ကြီးချုပ်ဖြစ်‌ရေး မရောရာသေး
Source: Bangkok Post