#World_Health
Published 10 May 2023


အသက် ၁၀၄ နှစ်ပြည့်မွေးနေ့ကျင်းပနိုင်ခဲ့တဲ့ နယူးယော့ခ်မှ အဘွားအိုတစ်ဦးက အသက်ရှည်ရခြင်းလျှို့ဝှက်ချက်ကို ထုတ်ဖော်ခဲ့ကာ အားလုံးအံ့အားသင့်စေရပါတယ်။

 

စတိတ်တန်ကျွန်းမှ 'အန်တိုနက်အင်ဆယ်ရာ'အမည်ရှိ အမျိုးသမီးကြီးဟာ နေ့စဉ်ဖြီးလိမ်းပြင်ဆင်ပြီး အိမ်အပြင်ထွက်လေ့ရှိပါတယ်။

 

ညနေတိုင်း ဘီယာတစ်ခွက်သောက်သုံးလေ့ရှိပြီး ကဏန်းပျော့၊ ငရုတ်ကောင်း၊ ဟင်းနုနွယ်အများအပြားအပါအဝင် မျှတစွာစားသုံးလေ့ရှိပါတယ်။

 

စိတ်အာရုံထက်မြက်နေစေရန် စကားလုံးပဟေဌိကစားနည်းများလည်း အချိန်ပေးလုပ်ဆောင်ပါတယ်။

 

ကိုယ့်ကိုယ်ကိုဂရုစိုက်ပြီး လုပ်စရာရှိတာတွေလုပ်ပြီး အားလုံးအဆင်ပြေသွားကြောင်း ပြောပြထားပါတယ်။

 

သူ့မှာ သားသမီး ၄ ယောက်၊ မြေး ၈ ယောက်နဲ့ မြစ် ၉ ယောက်ရှိပါတယ်။

 

ကိုဗစ် ၂ ကြိမ်ကူးစက်ခံရပြီး အသက်ရှင်နေဆဲဖြစ်ကာ အားလုံးကိုအံ့အားသင့်စေခဲ့ပါတယ်။

 

သူမကို မန်ဟက်တန်အောက်ပိုင်း အီတလီပတ်ဝန်းကျင်လေးထဲမှာ ၁၉၁၉ ဧပြီ ၂၁ ရက်နေ့မှာ မွေးဖွားခဲ့ပြီး မောင်နှမ ၉ ဦးထဲကတစ်ယောက်ဖြစ်ပါတယ်။

 

သူ့အမျိုးသားက အသက် ၆၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပေမယ့် အင်ဆယ်ရာကတော့ ရာစုနှစ်တိုင်အောင် အသက်ရှင်နေခဲ့ပါတယ်။

 

အခုအချိန်အထိ ကျန်းမာနေရတဲ့အကြောင်းကို မေးမြန်းကြည့်ရာမှာ နေ့စဉ်ဂရုတစိုက်နေထိုင်ပြီး အမြဲအကောင်းမြင်ကြည့်ရှုတတ်ကြောင်း ပြောပြခဲ့ပါတယ်။

 

မိတ်ဆွေကောင်းတွေအပေါ်မှာ ကြင်နာပြီး အားလုံးအပေါ်ကောင်းအောင် ကျင့်ကြံတတ်ပါတယ်။


အထီးကျန်မဆန်အောင် နေထိုင်ခြင်းက သက်ရှည်ကျန်းမာအောင် ကူညီပေးနိုင်ကြောင်း သိပ္ပံနည်းကျအထောက်အထား တွေ့ရှိထားပါတယ်။

 

အထီးကျန်ဆန်ခြင်းဟာ တစ်နေ့ကို ဆေးလိပ် ၁၅ လိပ်သောက်ခြင်းကဲ့သို့ ဘေးအန္တရာယ်ဖြစ်စေနိုင်ကြောင်း တွေ့ရှိထားပါတယ်။

ဒါ့အပြင် နှလုံးရောဂါခံစားရနိုင်ချေ ၃၀ ရာခိုင်နှုန်းကျော်ပိုများကာ ဆေးလိပ်သောက်သူတွေထက် ပိုပြီးအိုမင်းမြန်စေပါတယ်။

 

အထီးကျန်ခြင်းကြောင့် ခန္ဓာကိုယ်ထဲမှာ ရောင်ရမ်းခြင်းဖြစ်ပေါ်ကာ အရေးကြီးအင်္ဂါများနဲ့ ဆဲလ်များကို ထိခိုက်စေပါတယ်။

 

အပြင်မထွက်ကြသလို လှုပ်ရှားမှုနည်းပါးတာကြောင့် ရောဂါအစုလိုက်အပြုံလိုက် ခံစားရစေပါတယ်။

 

အရက်ကို သင့်တင့်တဲ့ပမာဏသောက်သုံးခြင်းဟာ လုံးဝမသောက်တာထက်စာရင် အသက်ရှည်စေတယ်လို့ တွေ့ရှိထားပါတယ်။

 

အမျိုးသမီးတွေအတွက် တစ်နေ့ကို အရက်တစ်ခွက်သောက်ခြင်းနဲ့ အမျိုးသားတွေ ၂ ခွက်ထက်မကျော်အောင် သောက်သုံးခြင်းဟာ ဘေးကင်းစိတ်ချရတယ်လို့ ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက ဖော်ပြထားပါတယ်။

 

စတိတ်တန်ကျွန်းမှ အသက်အကြီးဆုံးအမျိုးသမီးကတော့ 'လီနာဗယ်လုံဘာရိုနီ'ဖြစ်ပြီး အသက် ၁၀၈ နှစ်ရှိပါပြီ။

 

သူကလည်း အပတ်တိုင်း ဆံပင်၊ လက်သည်းခြေသည်းများပြင်ဆင်လေ့ရှိပြီး တနင်္ဂနွေနေ့တိုင်းမှာ မိသားစုနဲ့အတူ စုဝေးစားသောက်တတ်ပါတယ်။

 

Source: Daily Mail #World_Health #နယူးယော့ခ် #သက်ရှည်ကျန်းမာခြင်း
#YMG #Yangon_Media_Group