#World_Politics
Published 25 February 2023

ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေးအတွက် အရေးပေါ်ငြိမ်းချမ်းရေးဆွေးနွေးမှုပြုလုပ်ရန် တရုတ်က တောင်းဆိုခဲ့ပြီးနောက်မှာ ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တရုတ်သမ္မတ'ရှီကျင့်ဖင်'နဲ့ တွေ့ဆုံဖို့စီစဉ်နေကြောင်း သောကြာနေ့က ပြောကြားလိုက်ပါတယ်။

 

ရှီကျင့်ဖင်နဲ့ ဘယ်အချိန်ဘယ်နေရာမှာ တွေ့ဆုံဖို့စီစဉ်နေသလဲဆိုတာကို မဖော်ပြခဲ့ပေမယ့် ယူကရိန်းမှာငြိမ်းချမ်းရေးရဖို့အရေးကိုပဲ တရုတ်အနေနဲ့ ထောက်ပံ့သွားမယ်လို့ မျှော်လင့်ထားကြောင်း AFP က ဖော်ပြခဲ့ပါတယ်။

 

"ကျွန်တော် ရှီကျင့်ဖင်နဲ့တွေ့ဆုံသွားမှာပါ၊ ဒါက ကမ္ဘာ့လုံခြုံရေးအတွက် အရေးကြီးတဲ့ကိစ္စပါ" လို့ သတင်းထောက်တွေကို ပြောကြားခဲ့တာဖြစ်ပါတယ်။

 

စစ်ပွဲ ၁ နှစ်ပြည့်လာတဲ့အချိန်မှာ တတိယကမ္ဘာစစ်ဖြစ်မလာစေရန် တရုတ်လက်နက်တွေ ရုရှားထံပေးပို့တာမျိုးဖြစ်မလာအောင် တားဆီးဖို့အရေး အစွမ်းကုန်ကြိုးစားနေကြောင်း ဆိုပါတယ်။

 

တရုတ်က ယူကရိန်းစစ်ပွဲအဆုံးသတ်ရေး အစီအစဉ်ကိုကြေညာခဲ့ကာ အရေးပေါ်ငြိမ်းချမ်းရေးဆွေးနွေးပွဲပြုလုပ်ဖို့ တောင်းဆိုထားပါတယ်။

 

အနောက်နိုင်ငံအများအပြားက တရုတ်ရဲ့အစီအစဉ်တွေကို ငြင်းပယ်လိုက်ကာ ရုရှားနဲ့ဆက်ဆံရေးနီးကပ်နေတဲ့ တရုတ်ကို သတိပေးလိုက်ပါတယ်။

 

တရုတ်က ယခုပဋိပက္ခအတွင်း ကြားနေအဖွဲ့အစည်းအဖြစ် ထိန်းသိမ်းနေထိုင်လျက်ရှိသလို ဗျူဟာမြောက်မဟာမိတ်ဖြစ်တဲ့ ရုရှားနဲ့ ဆက်ဆံရေးနီးနီးစပ်စပ် ရှိနေဆဲဖြစ်ပါတယ်။

 

ကိုယ့်နယ်မြေတိုက်ခိုက်ခံနေရတဲ့ တိုင်းပြည်ကသာ ငြိမ်းချမ်းရေးအစီအစဉ်တွေ စတင်အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ထားကြောင်း ဇယ်လန်စကီက ဆိုပါတယ်။

 

ထိုနေ့မှာပဲ ရုရှားအနေနဲ့ ယူကရိန်းနယ်မြေတွေကနေ ဆုတ်ခွာပေးဖို့ ကုလသမဂ္ဂက သမိုင်းဝင်မဲခွဲခဲ့ပါတယ်။

 

အမေရိကန်၊ ဩစတြေးလျ၊ ကနေဒါအပါအဝင် နိုင်ငံအချို့က ရုရှားအပေါ် နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ခဲ့ပါတယ်။

 

အမေရိကန်ဘဏ္ဍာရေးဌာနနဲ့ နိုင်ငံခြားရေးဌာနတို့က အဓိကဝင်ငွေရရှိစေတဲ့ ကဏ္ဍများကို ကျယ်ကျယ်ပြန့်ပြန့် အရေးယူပိတ်ဆို့မှာဖြစ်တဲ့အပြင် တစ်ပိုင်းလျှပ်ကူးပစ္စည်းအသုံးပြုခွင့်ကိုလည်း ပိတ်ပင်သွားမှာဖြစ်ပါတယ်။

 

ဩစတြေးလျက ရုရှားဘက်မှ ပုဂ္ဂိုလ်အယောက် ၉၀၊ အဖွဲ့အစည်း ၄၀ကို ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ခဲ့သလို ကနေဒါကလည်း ရုရှားဒုဝန်ကြီးချုပ်နဲ့ အရာရှိများအပါအဝင် ပုဂ္ဂိုလ် ၁၂၉ ဦးနဲ့ အဖွဲ့အစည်း ၆၃ ခုတို့ကို နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့မှုများ ပြုလုပ်ထားပါတယ်။

 

#Source: WION #World_Politics #ယူကရိန်းစစ်ပွဲ
#YMG #Yangon_Media_Group