Published 21 Feb 2023

တူရကီနိုင်ငံနိုင်ငံ ဆီးရီးယားနယ်စပ်အနီးတွင် ဒေသံစံတော်ချိန် တနင်္လာနေ့ည ၈နာရီခန့် က ၆.၄ အဆင့်ရှိ ငလျင်ကြီးတစ်ခုထပ်မံလှုပ်ရှားသွားတဲ့အတွက် လူ(၃)ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ပါတယ်။ လူထောင်ပေါင်းများစွာသေဆုံးခဲ့တဲ့ ငလျင်ကြီးလှုပ်အပြီး နှစ်ပတ်အကြာမှာ ထပ်မံ လှုပ်ခဲ့တာဖြစ်ပါတယ်။

ငလျင်ကြောင့် အဆောက်အအုံတွေထပ်မံပြိုကျခဲ့ပြီး အချို့လူတွေ ပိတ်မိနေပါတယ်။ အိမ်နီးချင်း ဆီးရီးယားမှာလည်း ဒဏ်ရာရသူတွေရှိနေပါတယ်။

တနင်္လာနေ့က လှုပ်ရှားတဲ့ ငလျင်ဟာ တူရကီနိုင်ငံ ဟာတေးပြည်နယ်က ဒက်ဖ်နီမြို့ကို ဗဟိုပြုလှုပ်ရှားခဲ့တာဖြစ်ပြီး အဲဒီဒေသဟာ ဖေဖော်ဝါရီ(၆)ရက်ငလျင်တုန်းကလည်း အဆိုးရွားဆုံးထိခိုက်ခဲ့တဲ့နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။ ငလျင်ကို ဆီးရီးယား၊ဂျော်ဒန်၊ဆိုက်ပရပ်စ်၊အစ္စရေးနှင့် အလွန်ဝေးတဲ့ အီဂျစ်နိုင်ငံတွေမှာပါ ခံစားခဲ့ရပါတယ်။ အဲဒီငလျင်လှုပ်ပြီးနောက် ၅.၈အဆင့် နောက်ထပ်ငလျင်တစ်ခု ထပ်မံလှုပ်ရှားခဲ့ပါတယ်။

လူ(၃)ဦးသေဆုံးပြီး ၂၁၃ ဦးဒဏ်ရာရတယ်လို့ တူရကီပြည်ထဲရေးဝန်ကြီး ဆူလီမန်ဆွိုင်လူက ပြောပါတယ်။ လူ(၆)ဦးပိတ်မိနေတယ်လို့ထင်ရတဲ့ ပြိုကျနေတဲ့ အဆောက်အအုံ(၃)လုံးကလူတွေကို ကယ်ဆယ်ဖို့ကြိုးစားနေပါတယ်။

အလီပိုမှာ အပျက်အစီးတွေပြုတ်ကျလို့ လူ(၆)ဦးဒဏ်ရာရသွားတယ်လို့ ဆီးရီးယားသတင်းအေဂျင်စီက သတင်းထုတ်ပြန် ပါတယ်။ လူ၁၃၀ကျော်ဒဏ်ရာရပြီး အများစုဟာ အသက်အန္တရာယ်မစိုးရိမ်ရဘူးလို့ ဆီးရီးယားမြို့ပြကာကွယ်ရေးအဖွဲ့ White Helmets က ပြောပါတယ်။

Source: AP/WION

#Earthquakes_Turkey_Syria

#Fresh_earthquakes