#World_Politics
Published 18 February 2023

 

ဘဏ္ဍာရေးမှူး'ဂျော့ဂ်ျဆိုရော့စ်'ဟာ တိုင်းပြည်ရဲ့ ဒီမိုကရေစီဖွဲ့စည်းပုံပျက်ပြားစေရန် ကြိုးပမ်းနေတယ်ဆိုပြီး အိန္ဒိယနိုင်ငံက ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

 

ဆိုရော့စ်ရဲ့စကားတွေက အိန္ဒိယပုံရိပ်ကို ထိခိုက်စေရုံမက အစိုးရပြောင်းလဲရေးအကြောင်းပါ ပါဝင်နေတယ်လို့ BJP အာဏာရပါတီက ပြောကြားလိုက်ပါတယ်။

 

ကြာသပတေးနေ့ မြူးနစ်လုံခြုံရေးညီလာခံအတွင်း ဆိုရော့စ်က အိန္ဒိယဝန်ကြီးချုပ်'နာရန်ဒရာမိုဒီ'ကို ရည်ရွယ်ပြီး အငြင်းပွားဖွယ်မှတ်ချက်စကားများ ဆိုခဲ့တာဖြစ်ပါတယ်။

 

မိုဒီနဲ့ စီးပွားရေးသူဌေးကြီး'အဒါနီ'တို့ဟာ ရင်းနှီးသောမိတ်ဖက်များဖြစ်ပြီး သူတို့ရဲ့ကံကြမ္မာက ဆက်နွယ်နေကြောင်း၊ အဒါနီရင်ဆိုင်နေရတဲ့ ပြဿနာတွေကြောင့် အိန္ဒိယဖက်ဒရယ်အစိုးရအပေါ် မိုဒီရဲ့သက်ရောက်မှု သိသိသာသာအားနည်းစေမှာဖြစ်ကြောင်း၊ ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေတဲ့ ဖွဲ့စည်းပုံအတွက် တံခါးဖွင့်ထားကြောင်း ပြောကြားခဲ့တာဖြစ်ပါတယ်။

 

ဂျော့ဂ်ျဆိုရော့စ်ဆိုတဲ့ နိုင်ငံခြားအာဏာရလူတစ်ဦးဟာ အိန္ဒိယဒီမိုကရက်တစ်ဖွဲ့စည်းပုံကို ထိခိုက်မယ့်အကြောင်း ကြေညာခဲ့တယ်လို့ အမျိုးသမီးနှင့်ကလေးသူငယ် ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီး 'ဆမ်ရီတီအီရာနီ'က BJP ရုံးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ဝန်ကြီးချုပ်'မိုဒီ'က သူ့ရဲ့အဓိကပစ်မှတ်ဖြစ်လာမယ်လို့လည်း ကြေညာခဲ့ပါသေးတယ်။

 

သူ့အကျိုးစီးပွားကို အထောက်အကူဖြစ်စေမယ့် စနစ်တည်ဆောက်ဖို့ကိုလည်း ကြေညာခဲ့ပါတယ်။

 

"သေချာနားထောင်ကြည့်မယ်ဆိုရင် ဒါဟာ အိန္ဒိယပုံရိပ်ထိခိုက်ရုံတင်မကပါဘူး၊ အစိုးရပြောင်းလဲရေးအကြောင်းပါ ပါဝင်နေပါတယ်၊ အိန္ဒိယဟာ ကြုံလာသမျှ နိုင်ငံခြားစွက်ဖက်မှုတွေကို အမြဲအနိုင်ရခဲ့သလို အနာဂတ်မှာလည်း ဆက်လက်အနိုင်ယူသွားမှာဖြစ်ကြောင်း အီရာနီက ပြောကြားခဲ့ပါတယ်။

 

အိန္ဒိယအဓိကအတိုက်အခံပါတီဖြစ်တဲ့ အိန္ဒိယအမျိုးသားကွန်ဂရက်ကလည်း ဆိုရော့စ်ရဲ့စကားတွေကို ရှုတ်ချလိုက်ပါတယ်။

 

Source: WION
#Yangon_Media_Group