#World_Politics
Published 19 January 2023

ယူကရိန်းသမ္မတ'ဗိုလိုဒီမီယာဇယ်လန်စကီ'က တရုတ်နိုင်ငံခေါင်းဆောင်'ရှီကျင့်ဖင်'နဲ့ ဆွေးနွေးပြောဆိုရန် ဖိတ်ကြားစာစောင်ကို ဒါဗို့စ်မြို့မှာ တရုတ်ကိုယ်စားလှယ်လက်ထဲသို့ ပေးအပ်ခဲ့ကြောင်း ယူကရိန်းသမ္မတကတော်'အိုလီနာဇယ်လန်စကာ'က ဇန်နဝါရီ ၁၈ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

 

ယမန်နှစ်ဖေဖော်ဝါရီလ ရုရှားတို့ ကျူးကျော်ကတည်းက 'ဇယ်လန်စကီ'ဟာ ရှီကျင့်ဖင်နဲ့ ဆက်သွယ်ဖို့ အကြိမ်ကြိမ်ကြိုးစားနေခဲ့ပြီး တရုတ်က ရုရှားခေါင်းဆောင်'ပူတင်'ကို လွှမ်းမိုးနိုင်မယ်လို့ မျှော်လင့်နေခဲ့တာဖြစ်ပါတယ်။

 

ဆွစ်ဇာလန်နိုင်ငံ ဒါဗို့စ်မြို့ရှိ ဆွစ်အယ်လ်ပိုင်းအပန်းဖြေစခန်းမှာ အင်္ဂါနေ့က ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ ဇယ်လန်စကာက မိန့်ခွန်းပြောကြားရာ ရှီကျင့်ဖင်အတွက် ဖိတ်ကြားစာပေးဖို့ရှိတယ်လို့ ဆိုခဲ့ကာ ဗုဒ္ဓဟူးနေ့သတင်းစာရှင်းလင်းပွဲမှာတော့ အသေးစိတ်ပြောပြခဲ့ပါတယ်။

 

"ဒါဟာ တွေ့ဆုံဆွေးနွေးရန် ဖိတ်ကြားချက်တစ်ရပ်ဖြစ်ပြီး တုန့်ပြန်မှုတစ်စုံတစ်ရာ ပြုလိမ့်မယ်လို့ မျှော်လင့်ပါတယ်" လို့ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

 

ယူကရိန်းကို ပူတင်မကျူးကျော်ခင်ကာလမှာပဲ တရုတ်နဲ့ရုရှားတို့ဟာ အကန့်အသတ်မရှိ မိတ်ဖက်ပူးပေါင်းကြောင်း ကြေညာခဲ့ပါသေးတယ်။
ယခုစစ်ပွဲမှာ တရုတ်က အတတ်နိုင်ဆုံး ကြားနေနိုင်ငံအဖြစ် တည်ရှိရန်ကြိုးပမ်းနေပေမယ့် တချိန်တည်းမှာပဲ ရုရှားနဲ့ဆက်ဆံရေး ပိုမိုခိုင်မြဲအောင် ပြုလုပ်နေပါတယ်။

 

ကျွမ်းကျင်သူအချို့ရဲ့ သုံးသပ်ချက်မှာတော့ ယူကရိန်းစစ်ပွဲအဆုံးသတ်စေဖို့ရာ တရုတ်က နောက်ဆုံးမှာ ကြားဝင်ဖြေရှင်းညှိနှိုင်း‌ရဖွယ်ရှိနေကြောင်း သုံးသပ်နေကြပါတယ်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီး'ဝမ်ယိ'က စက်တင်ဘာလက ပါတီစုံဖိတ်ကြားကာ တစ်ကမ္ဘာလုံးရဲ့ စီးပွားရေးကိုသက်ရောက်နေတဲ့ စစ်ပွဲပဋိပက္ခကို အကြောင်းပြုပြီး ထိုအကြပ်အတည်းပျံ့နှံ့လာမှာကို ထိန်းသိမ်းနိုင်ဖို့ စိုးရိမ်နေရကြောင်း ပြောကြားခဲ့ပါတယ်။

 

အထောက်အကူဖြစ်စေမယ့် ဆွေးနွေးပွဲပြုလုပ်နိုင်ဖို့ ရှီကျင့်ဖင်ကို တရားဝင်တောင်းဆိုထားတယ်လို့ ဇယ်လန်စကီက ဩဂုတ်လမှာ South China Morning Post သတင်းစာကို ပြောကြားခဲ့ပါတယ်။

နှစ်နိုင်ငံစလုံးမှ နိုင်ငံခြားရေးဝန်ကြီးတွေဟာ စက်တင်ဘာလက နယူးယော့ခ်မှာကျင်းပတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ တွေ့ဆုံခဲ့ကြပြီးဖြစ်ပါတယ်။

 

Source: CNA
#Yangon_Media_Group