#Breaking_News
Published 4 June 2022

 

ကယ်လီဖိုးနီးယားတောင်ပိုင်းဆေးရုံ အရေးပေါ်ဌာနမှ ဆရာဝန်တစ်ဦးနဲ့ သူနာပြုနှစ်ဦးကို သောကြာနေ့မှာ လူတစ်ဦးက ဓားနဲ့ထိုးသတ်မှုဖြစ်ပွားခဲ့ပါတယ်။

 

အဲဒီနောက်တရားခံက အခန်းတစ်ခန်းမှာ ၄ နာရီကြာအောင်ရှိနေခဲ့ပြီး မကြာခင်မှာရဲတွေကဝင်ရောက်ဖမ်းဆီးခဲ့ကြောင်း တာဝန်ရှိသူများကပြောကြားခဲ့ပါတယ်။

 

ထိုလူက ဆန်ဖာနန်ဒိုတောင်ကြားရှိ အင်ဆီနိုဆေးရုံစင်တာထဲကို ညနေ ၄ နာရီမတိုင်ခင်မှာဝင်ရောက်သွားခဲ့ကြောင်း လော့စ်အိန်ဂျလိစ်ရဲအရာရှိ'ဒရိတ်ခ်မက်ဒီဆန်'က ဆိုပါတယ်။

 

ထိုလူဟာ လမ်းလယ်မှာသူ့ကားကိုရပ်ခဲ့ပြီး အရေးပေါ်အခန်းထဲသို့ဝင်လာကာ ဆရာဝန်နဲ့ သူနာပြုတွေကို ဓားနဲ့မထိုးခင်အချိန်မှာ သူ့ရဲ့စိတ်မတည်မငြိမ်ဖြစ်ခြင်းကို ကြည့်ရှုကုသပေးဖို့တောင်းဆိုခဲ့ပါတယ်။

 

ဓားနဲ့အထိုးခံရသူ ၃ ဦးကို အရေးပေါ်ခွဲစိတ်ဌာနသို့ ပို့ဆောင်ခဲ့ပြီး တစ်ဦးက စိုးရိမ်ရကာ ခွဲစိတ်မှုခံယူခဲ့ရပါတယ်။

 

အဲဒီနောက် ၃ ဦးစလုံးက Dignity Health Northridge ဆေးရုံစင်တာမှာ ကုသပေးရင်း ဘေးကင်းစိတ်ချရတဲ့ အခြေအနေရောက်ရှိခဲ့ပါပြီ။

 

အင်ဆီနိုဆေးရုံပထမထပ်နဲ့ အနီးနားက ရုံးခန်းတွေကို ဘေးကင်းရာရွှေ့ပြောင်းထားရပါတယ်။

 

"လူနာတွေကို ဘေးအန္တရာယ်နဲ့ဝေးရာသို့ ရွှေ့ပြောင်းပြီးပါပြီ" လို့ LAPD လက်ထောက်အကြီးအကဲ'အလန်ဟာမီလ်တန်'က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

 

တရားခံက သူထိုးသတ်ခဲ့တဲ့သူတွေအကြောင်း သိရှိခဲ့ဟန်မပေါ်ဘူးလို့ 'ဟာမီလ်တန်'ကဆိုပါတယ်။

 

နောက်ဆုံးအဖမ်းမခံရခင်မှာ SWAT တပ်ဖွဲ့က ထိုလူနဲ့ညှိနှိုင်းခဲ့ရာ မအောင်မြင်ခဲ့ဘဲ ဆေးရုံထဲကအခန်းတစ်ခန်းထဲမှာ ၄ နာရီလောက်ကြာအောင် ရှိနေခဲ့ကြောင်း ရဲတပ်ဖွဲ့ကရှင်းပြပါတယ်။

 

တရားခံအမည်ကို ချက်ချင်းထုတ်ဖော်ခြင်းမရှိပေမယ့် သူ့မှာ ရာဇဝတ်မှုမှတ်တမ်းတွေရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ်ကလည်း ရဲအရာရှိကို ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်းနဲ့ ဖမ်းဆီးခြင်းအားခုခံခြင်းတို့ကြောင့် နှစ်ကြိမ်ဖမ်းဆီးခံရဖူးတယ်လို့ ဆက်လက်ပြောကြားပါတယ်။

 

အာထရာဆောင်းပညာရှင်'ဘင်ဂျမင်ရိုမန်'က KNBC-TV ကိုပြောပြရာမှာ ဓားထိုးမှုမဖြစ်ခင်က ထိုလူမှာခွေးတစ်ကောင်ပါလာပြီး သူ့ပုံစံက စိတ်မတည်မငြိမ်နဲ့ ချွေးတွေရွှဲနေတာကြောင့် ဆေးချထားပုံပေါ်တယ်လို့ ပြောပြခဲ့ပါတယ်။

 

ဆေးရုံကနေ အရေးပေါ်ကုဒ်အခြေအနေသတိပေးသံထွက်ပေါ်ပြီးနောက် ဆရာဝန်တစ်ဦးနဲ့ သူနာပြုတစ်ဦး ဓားထိုးခံထားရတာကို 'ရိုမန်'မြင်တွေ့ခဲ့ရပြီး "ဆရာဝန်မ အလွန်နာကျင်နေတဲ့ပုံပါ၊ ဝမ်းဗိုက်ကိုထိုးမိပြီး သွေးတွေအများကြီးထွက်နေပါတယ်" လို့ ဆိုပါတယ်။

 

အိုကလာဟိုမာကဆေးရုံတစ်ရုံမှာလည်း သေနတ်သမားတစ်ယောက်က လူ ၄ ဦးကိုပစ်သတ်ပြီးနောက် ကိုယ့်ကိုယ်ကိုပစ်သတ်မှုဖြစ်ပွားပြီး ၂ ရက်အကြာမှာပဲ ယခုအကြမ်းဖက်မှု ထပ်မံဖြစ်ပွားခဲ့တာပါ။

 

သေနတ်သမားတရားခံက AR-style ရိုင်ဖယ်ဝယ်ယူပြီး ခဏအကြာမှာပဲ စိန့်ဖရန်စစ္စဆေးရုံထဲဝင်ပြီး သူ့ကိုခွဲစိတ်ပေးတဲ့ခွဲစိတ်ဆရာဝန်နဲ့ ရုံးခန်းထဲမှလူ ၃ ယောက်ကို ပစ်သတ်ခဲ့တာဖြစ်ပါတယ်။

 

ထိုကိစ္စမှာ ကျောခွဲစိတ်မှုပြုလုပ်ပြီးနောက် အဆက်မပြတ်နာကျင်မှု ခံစားနေရတာကြောင့် တရားခံက ဆရာဝန်ကိုအပြစ်တင်ခဲ့ပါတယ်။

 

Source: AP News
#Yangon_Media_Group