#Health_Defect
Published 3 June 2022

 

သုတ်ပိုးလှူသည့်အကြောင်း ဖေ့စ်ဘွတ်ပေါ်ကနေကြေညာခဲ့တဲ့လူတစ်ဦးက ကလေး ၁၅ ယောက်မွေးနိုင်အောင်ကူညီနိုင်ခဲ့ပေမယ့် သူ့မှာလေ့လာသင်ယူနိုင်စွမ်းချို့တဲ့တဲ့ မျိုးရိုးလိုက်ရောဂါရှိနေတာကို ကလေးမိခင်များအား အသိမပေးခဲ့ပါဘူး။

 

အသက် ၃၇ နှစ်အရွယ် 'ဂျိမ်းစ်မက်ဒူဂေါလ်'ဟာ သူ့မှာ ကုသလို့မရတဲ့ Fragile X syndrome ရောဂါရှိတာကိုသိထားပေမယ့် ပြင်ပကနေသီးသန့်သုတ်ပိုးလှူဒါန်းပေးကြောင်း လူမှုကွန်ရက်ပေါ်မှာကြေညာခဲ့ရာ လိင်တူနေအမျိုးသမီးများအတွက် ကလေးရရှိစေခဲ့ပါတယ်။

 

အဆိုပါရောဂါဟာ အိုင်ကျူနိမ့်ပါးပြီး ဖွံ့ဖြိုးတိုးတက်မှုနှောင့်နှေးစေတဲ့ မျိုးရိုးလိုက်ရောဂါဖြစ်ပါတယ်။

 

အစက ကလေးတွေနဲ့အဆက်အသွယ်မလုပ်ဘူးလို့ သဘောတူလက်မှတ်ရေးထိုးထားပေမယ့် ကလေး ၄ ယောက်အတွက် တာဝန်ယူထိန်းသိမ်းခွင့်လျှောက်ထားခဲ့ရာမှာ ယူကေ ဒါဘီမြို့ရှိမိသားစုတရားရုံးတစ်ခုမှာ 'မက်ဒူဂေါလ်'ရဲ့ရောဂါအကြောင်း ထွက်ပေါ်လာတာဖြစ်ပါတယ်။

ကလေးတွေရဲ့အမေတွေက သူ့ရဲ့လျှောက်ထားချက်ကို ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါတယ်။

 

ဒါဘီတရားရုံးတရားသူကြီး'နာသယ်လီလီဗန်'က အမျိုးသမီးတွေအနေနဲ့ 'မက်ဒူဂေါလ်'ထံမှ သုတ်ပိုးအလှူခံခြင်း မပြုလုပ်ဖို့နဲ့ ကလေးတွေအတွက် တာဝန်ယူထိန်းသိမ်းမရရှိသင့်ကြောင်း ချမှတ်ခဲ့ပါတယ်။

ဒါ့အပြင် 'မက်ဒူဂေါလ်'က ကလေးမိခင်တွေကို ထိခိုက်စေခဲ့တဲ့ သူ့ရဲ့လုပ်ရပ်ကို ထိုးထွင်းမသိမြင်နိုင်တာကြောင့် နောက် ၃ နှစ်အထိ တရားရုံးလျှောက်ထားခွင့်ပိတ်ပင်ခဲ့ပါတယ်။

 

အမည်မဖော်ဘဲ SW လို့သာဖော်ပြခဲ့တဲ့ အသက် ၂၅ နှစ်အရွယ်အမျိုးသမီးတစ်ဦးဟာ 'မက်ဒူဂေါလ်'ရဲ့ကြော်ငြာကိုတွေ့ခဲ့ပြီး ဆက်သွယ်ခဲ့ကြောင်း တရားရုံးမှာ ထုတ်ဖော်ခဲ့ပါတယ်။

 

သူ့ရဲ့ကလေးတွေကအခုဆိုရင် အသက် ၃ နှစ်နဲ့ ၂ နှစ်အရွယ်တွေဖြစ်နေကြပြီး ၃ နှစ်အရွယ်ကလေးက စကားပြောနိုင်စွမ်းမရှိဘဲ Fragile X syndrome ကြောင့် မူမမှန်ဖြစ်နေပါတယ်။

 

Mirror သတင်းဌာနရဲ့ဖော်ပြချက်အရ SW ဟာ ပထမကလေးမွေးပြီးနောက် 'မက်ဒူဂေါလ်'ကိုဆက်သွယ်ခဲ့ကာ ကိုဗစ်လော့ဒေါင်းကာလ သူရှိနေစဉ်ကာလအတွင်း ဒုတိယကလေးကိုယ်ဝန်လွယ်ခဲ့ရပြီး ၂၀၂၀ ဇွန်လမှာ 'မက်ဒူဂေါလ်'ကို ထွက်ခွာခိုင်းခဲ့ရပါတယ်။

 

'မက်ဒူဂေါလ်'က လိင်ပိုင်းဆိုင်ရာမှတ်ချက်များ ပြောကြားခဲ့ကြောင်း SW ကအဆိုပြုခဲ့ပြီး သူမကိုတိုက်ခိုက်မှုဖြင့် ၂၀၂၀ ဇွန်လမှာ ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

 

'မက်ဒူဂေါလ်'က သူ့ရောဂါအခြေအနေအရ ဆေးခန်းတွေက သူ့ရဲ့သုတ်ပိုးတွေကိုလက်မခံမှာသိနေတာကြောင့် အပြင်ကနေပဲသီးသန့်လှူခြင်းမျိုး ပြုလုပ်ခဲ့ပါတယ်။

 

'မက်ဒူဂေါလ်'က သူ့ရဲ့ရောဂါအကြောင်း မိခင်တွေကိုရှင်းပြတယ်ဆိုတဲ့အကြောင်းကို တရားသူကြီးက မယုံကြည်ခဲ့ပါဘူး။

 

"အမျိုးသမီးတွေက သူ့အကြောင်းအင်တာနက်မှာရှာကြည့်တဲ့အခါ ဒီစီရင်ချက်ကိုမြင်ပြီး အကျိုးရှိမှာဖြစ်ပါတယ်" ဆိုပြီး 'မက်ဒူဂေါလ်'ရှေ့နေက အမည်ဝှက်ဖို့တောင်းဆိုတာကို တရားသူကြီးကပယ်ချခဲ့ပါတယ်။

 

'မက်ဒူဂေါလ်'ရဲ့မွေးစားမိဘများက သူတို့သားကိုကာကွယ်ပြောဆိုခဲ့ပြီး ဒီကိစ္စတွေမှာ သူကသာခံခဲ့ရတဲ့လူလို Daily Mail ကိုပြောကြားခဲ့ပါတယ်။

 

Source: nypost

#Yangon_Media_Group