#WorldHealth
Published 2 June 2022

 

လူတွေက ပုံမှန်အတိုင်းပြန်လည်ပြုမူနေထိုင်ချင်လာကြတာကြောင့် အားကစားခန်းမတွေမှာလည်း လူတွေပြန်လည်များပြားလာပြီဖြစ်ပါတယ်။

 

တချိန်တည်းမှာပဲ အိုမီခရွန်မျိုးဗီဇကွဲက ကိုဗစ်ကူးစက်မှုမြင့်တက်စေလာတာကြောင့် အားကစားခန်းမသွားရတာ ဘယ်လောက်အထိဘေးကင်းစိတ်ချရသလဲဆိုတာ သိထားသင့်ပါတယ်။

 

စက်ဘီးစီးအားကစားခန်းထဲက အားကစားလုပ်နေတဲ့သူတွေဆီက အသက်ရှူထုတ်လိုက်တဲ့အမှုန်အမွှားတွေ ဘယ်လောက်များပြားလဲ?

 

အနီးနားရှိ ပြေးစက်ပေါ်ကလူဆီက အမှုန်အမွှားဘယ်လောက်ရှူထုတ်လိုက်သလဲ?

 

အဆိုပါ အသက်ရှူထုတ်ခြင်းနဲ့လေ့ကျင့်ခန်းများအကြောင်း National Academy of Sciences က လေ့လာချက်ပြုလုပ်ပြီး ဖော်ပြခဲ့ပါတယ်။

 

လူ ၁၆ ယောက်ကို နားနေတဲ့အချိန်နဲ့ အားကစားလုပ်နေတဲ့အချိန်အတွင်း ထွက်လာတဲ့အသက်ရှူလမ်းကြောင်းမှ အမှုန်အမွှားအရေအတွက်ကို လေ့လာခဲ့ပါတယ်။

 

လေထုထဲအမှုန်အမွှားတွေက အချင်းမိုက်ခရိုမီတာအနည်းငယ်လောက်သာရှိပြီး အဆုတ်ကထုတ်လွှတ်လိုက်တဲ့အငွေ့တွေမှာ ကပ်ပါလာတတ်ပါတယ်။

 

တစ်ယောက်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ထားတယ်ဆိုရင် အဆုတ်ကထုတ်လွှတ်လိုက်တဲ့အမှုန်အမွှားတွေကနေ တခြားတစ်ယောက်ဆီ ကူးစက်လာတာဖြစ်ပါတယ်။

 

ငြိမ်သက်နေတဲ့အချိန်မှာ တစ်မိနစ်ကို အမှုန်အမွှားပေါင်း ၅၀၀ လောက်ထုတ်လွှတ်ပြီး လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာတော့ ပျမ်းမျှခြင်းအားဖြင့် တစ်မိနစ်ကိုအမှုန်ပေါင်း ၇၆,၀၀၀ လောက်ထွက်ရှိကြောင်း တွေ့ရှိခဲ့ကြပါတယ်။

 

ဒါဟာ အလုံပိတ်အားကစားခန်းတွေမှာ ကိုဗစ်ပိုမိုကူးစက်ရတဲ့အကြောင်းအရင်းဖြစ်လာနိုင်ပါတယ်။

 

၂၀၂၀ ခုနှစ်က တောင်ကိုရီးယားလူမျိုး ၅၄ ဦးဟာ ဇွန်ဘာသင်တန်းတက်ရောက်ရာ ရောဂါကူးစက်ထားတဲ့သင်တန်းဆရာများမှ ကိုဗစ်ရောဂါကူးစက်ခဲ့ပြီး အိမ်သူအိမ်သားနဲ့ အသိမိတ်ဆွေတွေဆီ ကူးစက်ခဲ့ဖူးပါတယ်။

 

ဟာဝိုင်အီမှ စက်ဘီးစီးအားကစားခန်းမှ အဖွဲ့ဝင် ၁၀ ယောက်ဟာ ရောဂါကူးစက်ထားသူသင်တန်းဆရာထံမှ ကူးစက်ခဲ့ပြီး ကြီးကပ်လေ့ကျင့်ပေးသူ၊ လက်ဝှေ့သင်တန်းဆရာထံတို့မှ နောက်ထပ် ၁၁ ယောက်ကူးစက်ခဲ့ပါတယ်။

 

ဒီလိုကူးစက်ပျံ့ပွားရခြင်းဟာ အလုံပိတ်အားကစားခန်းမတွေထဲမှာ လေဝင်လေထွက်မလုံလောက်ခြင်းနဲ့ အားကစားပြုလုပ်သူတွေရဲ့ အသက်ရှူနှုန်းမြန်ခြင်းတို့ကြောင့်ဖြစ်တယ်လို့ သိပ္ပံပညာရှင်များ တွေ့ရှိခဲ့ပါတယ်။

 

လေ့ကျင့်ခန်းလုပ်နေချိန်မှာ လေမှုန်လေမွှားထွက်ရှိမှု များပြားမယ်လို့ မျှော်လင့်ခဲ့ကြပေမယ့် လက်တွေ့များပြားလာတဲ့ ပမာဏက သိပ္ပံပညာရှင်တွေအံ့ဩခဲ့ရပါတယ်။

အမှုန်အမွှားပိုများလေ ကိုဗစ်ကူးစက်ခံရသူများထံမှ ရောဂါပိုမိုကူးစက်နိုင်ချေ များလေပဲဖြစ်ပါတယ်။

 

ဒီလိုအန္တရာယ်တွေကိုလျှော့ချဖို့အတွက် ပြတင်းပေါက်များဖွင့်ပြီး ပန်ကာတွေပါဖွင့်ခြင်းအားဖြင့် လေဝင်လေထွက်ကောင်းစေမှာဖြစ်ကြောင်း ကယ်လီဖိုးနီးယားတက္ကသိုလ်မှ ပရော်ဖက်ဆာ'ခရစ္စကပ်ပါ'က ပြောကြားခဲ့ပါတယ်။

 

လေ့ကျင့်ခန်းလုပ်တဲ့အခြားသူတွေနဲ့ ၆ ပေကွာနေထိုင်ခြင်းကလည်း အရေးကြီးပါတယ်။

 

လေဝင်လေထွက်ကောင်းအောင်ဖန်တီးဖို့နဲ့ လူသိပ်မများတဲ့ အားကစားခန်းမကိုသွားဖို့ လိုအပ်ပြီး လေ့ကျင့်ခန်း မလုပ်ဘဲနေဖို့တော့ အကြောင်းမရှိပါဘူး။

 

လေ့ကျင့်ခန်းလုပ်လို့ရတဲ့ အကျိုးကျေးဇူးတွေက အများကြီးပါပဲ။

 

Source: yahoo news
#Yangon_Media_Group