#WorldHealth
Published 23 March 2022

 

အက်စ်ထရာဇန်နီကာ(AstraZeneca)ကုမ္ပဏီမှ ပဋိပစ္စည်းရောစပ်နည်းပညာဖြင့်ထုတ်လုပ်တဲ့ဆေးဟာ ကိုဗစ်ရောဂါကို ကုသကာကွယ်နိုင်ပြီး အလွန်ကူးစက်မြန် BA.2 မျိုးနွယ်ခွဲအပါအဝင် အိုမီခရွန်မျိုးနွယ်ခွဲတွေကို ချေဖျက်နိုင်စွမ်းရှိကြောင်း ဓာတ်ခွဲခန်းလေ့လာချက်တစ်ခုမှာ စမ်းသပ်ရရှိထားပါတယ်။

 

အဆိုပါစမ်းသပ်ချက်ကို ဝါရှင်တန်တက္ကသိုလ်မှပြုလုပ်ခဲ့ရာ ထိုဆေးအသုံးပြုခြင်းဖြင့် ကြွက်တွေရဲ့အဆုတ်ထဲမှာရှိတဲ့ အိုမီခရွန်မျိုးနွယ်ခွဲဗိုင်းရပ်စ်တွေကို ပမာဏလျှော့ချနိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရတယ်လို့ ကုမ္ပဏီက တနင်္လာနေ့မှာ ဖော်ပြခဲ့ပါတယ်။

 

အီဗျူရှဲလ်(Evusheld)ဆေးကို အိုမီခရွန်မျိုးဗီဇကွဲတွေဖြစ်တဲ့ BA.2, BA.1.1, BA.2 တို့နဲ့စမ်းသပ်ကြည့်ရာမှာ ဗိုင်းရပ်စ်ကြောင့်အဆုတ်ရောင်ရမ်းခြင်းကို ထိန်းချုပ်ပေးနိုင်တာကိုတွေ့ခဲ့ရပါတယ်။

 

"ကိုယ်ခန္ဓာခုခံအားနည်းပြီး ကိုဗစ်ကူးစက်ရင် ရောဂါပြင်းထန်နိုင်တဲ့လူတွေမှာ အီဗျူရှဲလ်က အရေးပါတဲ့ရွေးချယ်စရာကုသနည်းဖြစ်လာမှာပါ" လို့ အက်စ်ထရာဇန်နီကာမှ အကြီးတန်းအမှုဆောင်'ဂျွန်ပီရက်ဇ်'က ပြောကြားလိုက်ပါတယ်။

 

ကိုဗစ်ထိန်းချုပ်ကန့်သတ်ချက်တွေ ဖြေလျှော့လာတဲ့အချိန်မှာ အိုမီခရွန်နဲ့ BA.2 မျိုးဗီဇကွဲတွေ ပျံ့ပွားလျက်ရှိပြီး တစ်ကမ္ဘာလုံးမှာ ကိုဗစ်ကူးစက်မှုများ ပြန်လည်များပြားလာခြင်းက ပြဿနာကြီးတစ်ရပ်ဖြစ်လာနိုင်ကြောင်း WHO က ပြီးခဲ့တဲ့အပတ်က သတိပေးခဲ့ပါတယ်။

 

လက်ရှိကာကွယ်ဆေးတွေက ရှိပြီးသားကိုယ်ခံအားကနေ ပဋိပစ္စည်း(antibody)တွေနဲ့ ဗိုင်းရပ်စ်ပိုးတိုက်ဖျက်ရေးဆဲလ်များ ထွက်ရှိစေတာဖြစ်ပါတယ်။

 

ဒါပေမဲ့ အီဗျူရှဲလ်ကတော့ ဓာတ်ခွဲခန်းထုတ်ပဋိပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး ခန္ဓာကိုယ်ထဲမှာ လပေါင်းများစွာတိုင်အောင်တည်ရှိကာ ဗိုင်းရပ်စ်ဝင်လာပါက တိုက်ဖျက်ပေးမှာဖြစ်ပါတယ်။

 

ပြီးခဲ့တဲ့အပတ်က ဗြိတိန်မှာ ကိုယ်ခံအားနည်းတဲ့လူတွေကို ဒီကုသနည်းအသုံးပြုဖို့ ခွင့်ပြုလိုက်ပြီဖြစ်ပါတယ်။

 

အီဗျူရှဲလ်ကို လက်ရှိမှာ ဥရောပမှလေ့လာသုံးသပ်လျက်ရှိပြီး အမေရိကန်မှာတော့ အသိအမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။

 

Source: The Jerusalem Post
#Yangon_Media_Group