#WorldPolitics
Published - 21 January 2022


ရုရှားသမ္မတဗလာဒီမီယာပူတင်က ယူကရိန်းကို ကျူးကျော်လိမ့်မယ်လို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်က ဗုဒ္ဓဟူးနေ့မှာ ခန့်မှန်းပြောဆိုလိုက်ပြီး အလုံးအရင်းဖြင့်ကျူးကျော်မှုပြုပါက ရုရှားစီးပွားရေးလုပ်ငန်းတွေအနေနဲ့ အမေရိကန်ဒေါ်လာအသုံးပြုခွင့် ဆုံးရှုံးရ နိုင်ကာ ပေးဆပ်မှုကြီးမားသွားမှာဖြစ်ကြောင်း ဆိုပါတယ်။

"ကျွန်တော်ထင်တာတော့ သူကျူးကျော်ပါလိမ့်မယ်။ သူတစ်ခုခုလုပ်မှ ဖြစ်မှာပါ" လို့ ဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားသွားပါတယ်။
ယူကရိန်းနယ်စပ်အနီးမှာ ရုရှားစစ်အင်အား ၁ သိန်းခန့် နေရာချထားခြင်းက ယူကရိန်းနိုင်ငံကို အနောက်နိုင်ငံတွေရဲ့ နေတိုး(NATO) မဟာမိတ်အဖွဲ့ မှာ ပူးပေါင်းခြင်းမပြုနိုင်ရန် တားဆီးတဲ့အနေနဲ့ ရုရှားတို့ ကစစ်ပွဲဆင်နွှဲဖို့ ပြင်ဆင်နေတာဖြစ်နိုင်ကြောင်း အမေရိကန်တို့က စွပ်စွဲပြောကြားထားပြီး ရုရှားဘက်ကတော့ ကျူးကျော်ဖို့ အစီအစဉ်မရှိဘူးလို့ တုန့်ပြန်ငြင်းဆိုထားပါတယ်။

ဘိုင်ဒန်က သတင်းထောက်တွေကို ပြောကြားရာမှာ ပူတင်က အနောက်နိုင်ငံတွေမှ ခေါင်းဆောင်တွေကို အကဲစမ်းချင်နေတာဖြစ်မယ်လို့ ယုံကြည်ကြောင်း၊ အမေရိကန်နဲ့ မဟာမိတ်အဖွဲ့ တွေက မည်သို့ တုန့်ပြန်သင့်ကြောင်း ဘယ်လိုပဲငြင်းခုန်နေကြပါစေ ရုရှားတို့ ရဲ့လုပ်ရပ်အတိုင်းအတာပေါ် မူတည်ပြီး တုန့်ပြန်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

ရုရှားတို ယူကရိန်းကို ကျူးကျော်မယ်ဆိုရင် ဒုက္ခလှလှတွေ့ရတော့မှာဖြစ်ကြောင်း ဘိုင်ဒန်က သတိပေးလိုက်ပါတယ်။

ကျူးကျော်မှုတွေလုပ်လာပါက ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေနဲ့ စီးပွားရေးကန့်သတ်ချက်တွေပြုလုပ်ဖို့ ဘိုင်ဒန်နဲ့အဖွဲ့ က ပြင်ဆင်ထားပါတယ်။

ပူတင်ရဲ့လုပ်ရပ်အပေါ်မူတည်ပြီး ဘယ်လိုတုန့်ပြန်ဆောင်ရွက်မလဲဆိုတာကို နေတိုး(NATO)အဖွဲ့ဝင်တွေကြား သဘောထားမတိုက်ဆိုင်မှုတွေရှိနေပြီး အားလုံးကို တညီတညွတ်တည်း ဖြစ်စေချင်ကြောင်း ဘိုင်ဒန်က ဆိုပါတယ်။

"နံပါတ် ၁ အချက်က အင်အားကြီးနိုင်ငံတွေဖြစ်ပြီး ပစိပစပ်များနေလို့ မဖြစ်ပါဘူး။ နံပါတ် ၂ အချက်က နေတိုးအဖွဲ့ဝင်တွေကြား သွေးကွဲနိုင်တာမျိုး မပြုလုပ်သင့်ပါဘူး။ အနည်းငယ်ကျူးကျော်တာပဲဖြစ်ဖြစ် အင်အားအလုံးအရင်းနဲ့ ကျူးကျော်တာပဲဖြစ်ဖြစ် တန်ပြန်ဆောင်ရွက်သွားရမှာပါ။ ဥပမာ ရုရှားတို့က ဆိုက်ဘာနည်းလမ်းတွေကိုပါ အသုံးပြုလာမယ်ဆိုရင် ကျွန်တော်တို့ ဘက်ကလည်း အဲဒီလိုတန်ပြန်ဆောင်ရွက်သွားဖို့ ဆုံးဖြတ်သွားရပါမယ်"

နေတိုး(NATO)တပ်ဖွဲ့တွေ နယ်မြေတိုးချဲ့လာမှုကို ရပ်တန့်ခိုင်းလို့မဖြစ်ကြောင်း အမေရိကန်မှတာဝန်ရှိသူတွေက ဆိုလိုက်ပေမယ့် ယူကရိန်းနယ်မြေအတွင်း အမေရိကန်တို့ရဲ့ နျူကလီးယားလက်နက်စခန်း အခြေမချဖို့ကိုတော့ ညှိနှိုင်း လို့ရတယ်လို့ ဘိုင်ဒန်ကအကြံပြုလိုက်ပါတယ်။

ယူကရိန်းကိုထောက်ခံကြောင်း ပြသတဲ့အနေနဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က ကိဗ်မြို့တော်ထံသွားရောက်ခဲ့ပါတယ်။
ရုရှားတို့က ယူကရိန်းကို ရုတ်တရက်တိုက်ခိုက်လာနိုင်ပေမယ့် အမေရိကန်ဘက်ကလည်း တတ်နိုင်သမျှ သံတမန်ရေးအရ ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း ဘလင်ကန်က ပြောကြားခဲ့ပါတယ်။
Source: France24