Published 19 January 2022

ဟောင်ကောင်ရုပ်ရှင်ထုတ်လုပ်သူလည်းဖြစ် ကွန်ဖူးဆရာကြီးလည်းဖြစ်တဲ့ ဆင်းကွပ်လမ်းက သူ့အနေနှင့် ဟောင်ကောင်ရဲ့ ခေါင်းဆောင်ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ဇန်နဝါရီ၁၉ရက် ဗုဒ္ဓဟူးနေ့က ပြောကြားလိုက်ပါ တယ်။ လက်ရှိဟောင်ကောင် အမှုဆောင်ချုပ် ကာရီလမ်းက  သူမအနေနှင့် ဒုတိယသက်တမ်း ဆက်လုပ်မလုပ် အတည်မပြု သေးတဲ့အချိန်မှာ အခုလိုပြောကြားတာဟာ အံအားသင့်စရာ တစ်ခုဖြစ်ခဲ့ပါတယ်။

မတ်၂၇ရက်မှာကျင်းပမယ့် အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲမတိုင်ခင် ပြိုင်မယ့်သူတွေထဲမှာ အသက်၆၅နှစ်အရွယ်  ဆင်းကွပ် လမ်းက ပထမဦးဆုံး ကြေညာတာဖြစ်ပါတယ်။ ကာရီလမ်းဟာ ဟောင်ကောင်ရဲ့သမိုင်းမှာ အုန်းအုန်းကြွက်ကြွက်အဖြစ်ဆုံး ကာလ တွေထဲ ဦးဆောင်ခဲ့သူဖြစ်ပြီး ဇွန်လမှာ သူမရဲ့ရာထူးသက်တမ်းကုန်ဆုံးပါလိမ့်မယ်။

ယှဉ်ပြိုင်မယ့်သူတွေဟာ ဘေဂျင်းလိုလားတဲ့ အဖွဲ့ဝင်၁၅၀၀နှင့်ဖွဲ့စည်းထားတဲ့ ဩဇာကြီးမားလှတဲ့ “မျိုးချစ်များသာ” ရွေးကောက်ပွဲဆိုင်ရာအဖွဲ့ရဲ့ ထောက်ခံမှုလိုအပ်ပါတယ်။ ဆင်းဟာ အဲသလိုမျိုးထောက်ခံမှုရထားသလားဆိုတာတော့ ရှင်းရှင်း လင်းလင်းမသိရပါဘူး။

သူ့ရဲ့ အင်တာနက်ထောက်ခံသူတွေက နိုင်ငံရေးမှာပါဝင်ပတ်သက်ခြင်းမရှိဖို့ သူ့စိတ်ပြောင်းသွားအောင် စည်းရုံးပြောဆိုကြ တယ်လို့ ဆင်းမ်က ယူကျူဗွီဒီယိုထဲမှာ ပြောထားပါတယ်။

“ ရွေးကောက်ပွဲစနစ်သစ်အရ လုပ်နိုင်ကိုင်နိုင်တဲ့ မျိးချစ်သူတိုင်း အမှုဆောင်အရာရှိချုပ်ရွေးကောက်ပွဲကို ဝင်ပြိုင်နိုင်တယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ကျွန်တော့်မှာ အောင်နိုင်တဲ့ အရည်အချင်းရှိတယ်လို့ယုံကြည်မှုရှိပါတယ်” လို့သူကပြောပါတယ်။

ရွေးကောက်ပွဲလုပ်ဖို့ ရက်သတ္တပတ်တွေအလိုမှာ ယှဉ်ပြိင်မယ့်ကိုယ်စားလှယ်လောင်းတွေနှင့် ပတ်သက်တဲ့သတင်းတွေ ပျောက်နေတာ ပုံမှန်မဟုတ်ပါဘူး။ အလားအလာရှိနေတဲ့သူတွေက လက်ရှိခေါင်းဆောင်လင်းမ်၊ဘဏ္ဍာရေးဝန်ကြီး ပေါချန်းနှင့် ယခင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ညွှန်ချုပ် မာဂရက်ချန်းတို့ဖြစ်တယ်လို့ ဒေသတွင်းမီဒီယာတွေက ခန့်မှန်းနေကြပါတယ်။

Ip Man ရုပ်ရှင်ကိုထုတ်လုပ်ခဲ့တဲ့ဆင်းဟာ ဟောင်ကောင်မှာ ကိုယ်ခံပညာကို မြှင့်တင်ဆောင်ရွက်နေသူတစ်ဦးပါ။ သူဟာနှင့် Ip Man နှင့် ဘရု(စ်)လီကားတွေမှာ လူကြိုက်များလှတဲ့ ရိုးရာ တောင်ပိုင်းတရုတ်ကွန်ဖူးစတိုင်ကို အထူးပြုတဲ့ ကမ္ဘာ့ဝင်းချွန်သမဂ္ဂ ကို ဦးဆောင်နေပါတယ်။

ဟောင်ကောင်ပေါက် ဆင်းဟာ ကိုယ်ပိုင်ယူကျုချယ်နယ်လ်တစ်ခုရှိပါတယ်။ အဲဒီချယ်နယ်လ်ကို subscribe လုပ်ထားသူ ၁၅၅၀၀၀ ဦးရှိပြီး နိုင်ငံရေးမှသည် ဘေဂျင်းအိုလံပစ်အထိ အကြောင်းအရာအမျိုးမျိုးကို ရက်အနည်းငယ်တိုင်းမှာပုံမှန်တင်လေ့ ရှိပါတယ်။

Source Reuters