#WorldHealth

Published -20 January 2022

ကိုဗစ်ကာကွယ်ဆေး စတုတ္ထအကြိမ်ထိုးနှံခြင်းရဲ့ ရောဂါကာကွယ်နိုင်စွမ်းကို ရှီဘာဆေးဝါးစင်တာမှ လေ့လာမှုကြီးတစ်ရပ် စမ်းသပ်ပြုလုပ်ခဲ့ပါတယ်။
စမ်းသပ်လေ့လာမှုပြုလုပ်အပြီး တစ်လနီးပါးအကြာမှာတော့ "စတုတ္ထအကြိမ် ကာကွယ်ဆေးထိုးခြင်းက အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကို တစ်စိတ်တစ်ပိုင်းမျှသာ ကာကွယ်ပေးနိုင်တယ်" လို့ တနင်္လာနေ့က ထုတ်ပြန်ပြောဆိုလိုက်ပါတယ်။

"ကာကွယ်ဆေးတွေက အရင်မျိုးဗီဇကွဲတွေကို ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပေမယ့် အိုမီခရွန်မျိုးဗီဇကွဲကိုတော့ သိပ်ပြီးမကာကွယ်ပေးနိုင်ပါဘူး" လို့ စမ်းသပ်လေ့လာမှုကို ဦးဆောင်ပြုလုပ်ခဲ့တဲ့သုတေသနပညာရှင် ပရော်ဖက်ဆာဂီလီရီဂက်ဖ်ယိုခေးက ဆိုပါတယ်။

"တတိယအကြိမ် ကာကွယ်ဆေးထိုးအပြီးမှာ ရောဂါခုခံပေးနိုင်တဲ့ antibody တွေ များလာတာကို တွေ့ရှိရပါတယ်။ ဒါပေမဲ့ စတုတ္ထအကြိမ်ထိုးပြီးတဲ့တိုင်အောင် အိုမီခရွန်ကူးစက်သူတွေ အများကြီးရှိနေပါတယ်။ အနည်းဆုံးတော့ ကာကွယ်ဆေးက အယ်လ်ဖာနဲ့ ဒယ်လ်တာမျိုးဗီဇကွဲတွေကိုတော့ ထိထိရောက်ရောက် ကာကွယ်နိုင်ပါသေးတယ်" လို့ ရီဂက်ဖ်ယိုခေးက ထပ်မံပြောကြားခဲ့ပါတယ်။

ရောဂါကူးစက်ဖြစ်ပွားနိုင်ချေများတဲ့ လူတွေအပြင် အသက် ၆၀ အထက်လူတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးပေးသင့်ကြောင်း ရီဂက်ဖ်ယိုခေးက ဖြည့်စွက်ပြောကြားထားပါတယ်။

ဒီသုတေသနပြုချက်တွေက အစောပိုင်းတွေ့ရှိချက်တွေသာဖြစ်ပေမယ့် လူအများကစိတ်ဝင်စားနေကြတာကြောင့် အရင်ဆုံးထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ကာကွယ်ဆေးတွေက အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုကို အပြည့်အဝမကာကွယ်ပေးနိုင်ပေမယ့် အခုလိုအချိန်မှာ ရောဂါပြင်းထန်စွာဖြစ်ပွားနိုင်ချေရှိတဲ့သူတွေမှာ ကိုဗစ်ကာကွယ်ဆေးထိုးနှံဖိုအစီအစဉ်ကို ဆက်လက်ဆောင်ရွက်သွားဖို့ တောင်းဆိုချက်ကို ရှီဘာက ထုတ်ပြန်လိုက်ပါတယ်။

ဒီစမ်းသပ်ချက်ရဲ့အစောပိုင်းတွေ့ရှိမှုကို ကျန်းမာရေးဝန်ကြီးဌာနကတော့ ထုတ်ပြန်ကြေညာလိုခြင်းမရှိပါဘူး။အစ္စရေးလ်ဝန်ကြီးချုပ် နက်ဖ်တယ်လီဘန်းနက်က အစ္စရေးလ်မှာ စတုတ္ထအကြိမ်ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို တိုးချဲ့လုပ်ဆောင်ဖို့ တွန်းအားပေးထားပါတယ်။

တနင်္ဂနွေညအထိ အစ္စရေးလ်မှာ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးပြီးသူ ၅ သိန်းကျော်သွားပြီဖြစ်ပါတယ်။ပြီးခဲ့တဲ့လကစတင်ကာ အစ္စရေးလ်နိုင်ငံရှိ အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ၊ ကိုယ်ခံအားနည်းတဲ့သူတွေ၊ ကျန်းမာရေးဝန်ထမ်းတွေမှာ စတုတ္ထအကြိမ် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးခဲ့ပါတယ်။

booster အားမြှင့်ကာကွယ်ဆေးတွေ ထပ်မံထိုးနှံခြင်းဖြင့် အိုမီခရွန်ကူးစက်မှုကြောင့် ဆေးရုံတက်ကုသခံယူမှုတွေ လျော့နည်းလာစေရန် အစ္စရေးလ်တို့က မျှော်မှန်းထားကြတာဖြစ်ပါတယ်။

ရှီဘာက ကျန်းမာရေးဝန်ကြီးဌာနနဲ့ပူးပေါင်းကာ အခုလိုစမ်းသပ်လေ့လာမှုကြီးကို ကမ္ဘာပေါ်မှာ ပထမဦးဆုံးအနေနဲ့ ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။
တစ်ကမ္ဘာလုံးက ကိုဗစ်ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေထံ ကာကွယ်ဆေးမရောက်ရှိခင်အထိ booster အားမြှင့်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေကို ရွှေ့ဆိုင်းထားဖို့ WHO က တိုက်တွန်းထားပါတယ်။

အစ္စရေးလ်လူဦးရေ ၉.၅ သန်းရဲ့ ၃ ပုံ ၂ ပုံခန့်ဟာ ကာကွယ်ဆေးတစ်ကြိမ်ထိုးနှံပြီးပြီဖြစ်ပြီး ၄.၄ သန်းနီးပါးကတော့ တတိယအကြိမ်ကာကွယ်ဆေး ထိုးနှံပြီးပြီဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ နောက်ဆုံးထုတ်ပြန်ချက်တွေအရ သိရှိရပါတယ်။
Source: The Times of Israel