#WorldHealth
Published 20 January 2022


ကိုရိုနာဗိုင်းရပ်စ်က လာမယ့်နှစ်ပေါင်းများစွာကြာတဲ့အထိ ဆက်လက်ပျံ့နှံနေဦးမှာဖြစ်ပြီး အခုလက်ရှိကိုဗစ်ကူးစက်မှုက ကန့်သတ်ပိတ်ပင်ချက်တွေ ထုတ်ပြန်ရလောက်တဲ့အထိပြင်းထန်တဲ့ နောက်ဆုံးလှိုင်းဖြစ်လာနိုင်ကြောင်း ဖိုင်ဇာကာကွယ်ဆေးကုမ္ပဏီမှ အမှုဆောင်အရာရှိချုပ် အယ်လ်ဘတ်ဘိုလာက ပြင်သစ်သတင်းထုတ်လွှင့်ဌာန BFM TV သို့ တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ဖိုင်ဇာကိုဗစ်ကာကွယ်ဆေးတွေက ကလေးငယ်တွေမှာ ဘေးကင်းစိတ်ချစွာ ထိုးနှံနိုင်တယ်လို့လည်း အယ်လ်ဘတ်ဘိုလာက အဆိုပါသတင်းဌာနကို ပြောကြားထားပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲကို ကုသနိုင်မယ့် booster အားမြှင့်ကာကွယ်ဆေးကိုလည်း ထုတ်လုပ်ဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ဘိုလာနဲ့အတူ မိုဒါနာကုမ္ပဏီမှစီအီးအို စတက်ဖိန်းဘန်ဆယ်တို့ က ပြီးခဲ့တဲ့အပတ်က ပြောကြားလိုက်ပါတယ်။

ဖိုင်ဇာရဲ့ booster အားမြှင့်အိုမီခရွန်ကာကွယ်ဆေးကို မတ်လလောက်မှာ စတင်အသုံးပြုနိုင်မှာဖြစ်ပြီး မိုဒါနာရဲ့ booster အားမြှင့်အိုမီခရွန်ကာကွယ်ဆေးကတော့ ဆောင်းဦးရာသီလောက်မှာ ရရှိမှာဖြစ်ကြောင်း CNBC နဲ့အင်တာဗျုးမှာ ပြောကြားခဲ့ပါတယ်။

စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးဖို့ လိုအပ်ချက်နဲ့ပတ်သက်ပြီး တိတိကျကျမသိရသေးကြောင်း ဘိုလာက ဆိုလိုက်ပြီး ရှီဘာဆေးပညာစင်တာမှာ ပြုလုပ်တဲ့ အစ္စရေးလ်စမ်းသပ်ချက်အရ စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးပြီး တစ်ပတ်ကြာတဲ့အခါ ရောဂါခုခံအား antibody ပမာဏက ၅ ဆအထိ မြင့်တက်လာတာကြောင့် စတုတ္ထအကြိမ်ကာကွယ်ဆေးထိုးခြင်းက ထိရောက်မှုရှိနိုင်ကြောင်း ယူဆလို့ ရပါတယ်။

ကိုဗစ်ရောဂါက ဘယ်အချိန်ကျမှ ဒေသတွင်းကူးစက်တတ်တဲ့ရောဂါ ဖြစ်လာနိုင်သလဲဆိုတာကို သတ်မှတ်ဖို့ က စောလွန်းနေပေမယ့် ယခုနှစ်အတွင်း သတ်မှတ်လို့ရနိုင်ဖို့ မျှော်လင့်ထားကြောင်း၊ မျိုးဗီဇကွဲအသစ်တွေ မပေါ်ပေါက်တဲ့အချိန်ကျမှ သတ်မှတ်လို့ရနိုင်မှာဖြစ်ကြောင်း အမေရိကန်မှ ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် ဒေါက်တာအန်သိုနီဖော်ချီက တနင်္လာနေ့က ပြောဆိုထားပါတယ်။

၂၀၂၀ ဒီဇင်ဘာ ၃၁ ရက်နေ့မှာ WHO က ဖိုင်ဇာ-ဘိုင်အိုတက်ခ် ကိုဗစ်ကာကွယ်ဆေးကို ထိုးနှံဖို့စတင်ခွင့်ပြုခဲ့ရာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကို တိုက်ဖျက်နိုင်မယ့် ပထမဆုံးခြေလှမ်းတွေထဲက တစ်ခုဖြစ်ခဲ့ပါတယ်။
Source: The Jerusalem Post