#WorldPolitics

Published 18 January 2022

 

အမေရိကန်နဲ့ မဟာမိတ်နိုင်ငံတွေအနေနဲ့ အခြားနိုင်ငံတွေကို နိုင်ထက်စီးနင်းလွှမ်းမိုးဖို့ ကြိုးပမ်းနေမှုအပေါ် တရုတ်နိုင်ငံသမ္မတရှီဂျင်ပင်းက သတိပေးပြောကြားလိုက်ပါတယ်။

 

တရုတ်နဲ့ အမေရိကန်တို့လို အင်အားကြီး ၂ နိုင်ငံအကြား သံတမန်ရေးအရ သဘောထားမတိုက်ဆိုင်မှုတွေကြောင့် နှစ်နိုင်ငံဆက်ဆံရေးမှာ ဆိုးရွားလာခဲ့ပါတယ်။

 

အခြားနိုင်ငံတွေရဲ့ကိစ္စတွေမှာ အဟန့်အတားလုပ်ခြင်း၊ ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ထိပ်တိုက်ရင်ဆိုင်ခြင်းတို့ ပြုလုပ်နေပုံကို မစ္စတာရှီက ဝေဖန်လိုက်ကာ အနောက်နိုင်ငံရဲ့လုပ်ရပ်က ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကိုထိခိုက်စေပြီး ကပ်ဘေးတွေကျရောက်လာနိုင်ကြောင်း ဆိုပါတယ်။

 

ဇန်နဝါရီ ၁၇ ရက်နေ့က ကမ္ဘာ့စီးပွားရေးဖိုရမ် အွန်လိုင်းဆွေးနွေးပွဲမှာ တရုတ်တို့က ရှေ့ဆက်ဖို့သာမျှော်မှန်းထားကြောင်း၊ အခုလိုဆက်လက်ပြုမူနေပါက ကမ္ဘာကြီးသွေးကွဲသွားနိုင်တဲ့အကြောင်း မစ္စတာရှီက သတိပေးပြောကြားလိုက်ပါတယ်။

 

ကမ္ဘာ့အင်အားကြီးနိုင်ငံအနေနဲ့ စစ်အေးတိုက်ပွဲဘက်ကို အားသန်နေမှုအပေါ် ယုတ်သိမ်းပေးဖို့နဲ့ အတူတကွငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်သွားဖို့ ကြိုးပမ်းသင့်ကြောင်းလည်း ရှီက ပြောသွားပါတယ်။

 

အမုန်းတရားတွေ ပြည့်နှက်နေတဲ့ စကားလုံးတွေသာ မြင်တွေ့နေရပြီး လက်ရှိကမ္ဘာကြီးဟာဆိုရင် ငြိမ်းချမ်းတဲ့အခြေအနေရောက်ဖို့ အများကြီးလိုအပ်သေးကြောင်းလည်း ပြောသွားခဲ့ပါတယ်။

 

တစ်စုံတစ်ယောက်ကောင်းစားဖို့အတွက် အခြားသူတွေပေးဆပ်လိုက်ရခြင်း၊ တစ်ဦးတစ်ယောက်တည်းရဲ့သဘောဖြင့် ကာကွယ်ရေးသတ်မှတ်ချက်တွေ လုပ်ဆောင်ခြင်း၊ ကမ္ဘာ့နိုင်ငံတွေအချင်းချင်း သွေးကွဲသွားစေမယ့် အဖွဲ့တွေခွဲခြမ်းသတ်မှတ်ခြင်း၊ လုံခြုံရေးဖြန့်ကျက်ရန် အကြောင်းပြချက်ဖြင့် အခြားနိုင်ငံတွေရဲ့ စီးပွားရေးနဲ့နည်းပညာတိုးတက်မှုကို ကန့်သတ်ထိန်းချုပ်ခြင်း စတဲ့အချက်တွေဟာ ကမ္ဘာ့နိုင်ငံတွေအချင်းချင်း အတူတကွပူးပေါင်းလုပ်ဆောင်မှုကို ထိခိုက်စေမှာဖြစ်ကြောင်း ရှီက သတိပေးလိုက်ပါတယ်။

 

ဒေါ်နယ်ထရမ့်အုပ်ချုပ်စဉ်ကာလကတည်းက အမေရိကန်ဟာ တရုတ်နိုင်ငံရဲ့ လုပ်ငန်းတွေနဲ့ နည်းပညာတိုးတက်မှုတွေကို ကန့်သတ်လျှော့ချဖို့ အစဉ်တစိုက်ရည်ရွယ်ခဲ့ပြီး သူတို့ရဲ့အကြောင်းပြချက်ကတော့ အမျိုးသားလုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့ တရုတ်ပြည်နယ်အချို့မှာ ဖြစ်ပွားခဲ့တဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အကြောင်းပြခဲ့တာဖြစ်ပါတယ်။

 

သမ္မတဂျိုးဘိုင်ဒန်လက်ထက်မှာလည်း တရုတ်ကိုဆန့်ကျင်တဲ့ မဟာမိတ်အဖွဲ့တွေပေါ်ပေါက်လာဖို့ လစ်ဘရယ်ဒီမိုကရေစီကို ကျင့်သုံးလာခဲ့ပါတယ်။

 

ဗြိတိန်၊ ဩစတြေးလျတို့နဲ့ လုံခြုံရေးပူးပေါင်းဆောင်ရွက်တဲ့အစီအစဉ် AUKUS ကို ထူထောင်လိုက်ကာ အာရှအတွင်း တရုတ်တို့အင်အားကြီးထွားလာမှုကို နှောင့်ယှက်နိုင်ရန် ဩစတြေးလျကို နျူကလီးယားရေငုပ်သင်္ဘောများဖြင့် ထောက်ပံ့ကူညီပေးထားတာဖြစ်ပါတယ်။

 

တရုတ်တို့ကလည်း အိမ်နီးချင်းရုရှားနိုင်ငံနဲ့ ရင်းရင်းနှီးနှီးဆက်ဆံလာခဲ့ပြီး အာဖရိကနဲ့ အရှေ့တောင်အာရှကို ပစ်မှတ်ထားကာ ကာကွယ်ဆေးထောက်ပံ့ရေးနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား ကမ္ဘာ့အနှံလမ်းပန်းဆက်သွယ်ရေးဖော်ဆောင်ဖို့ အစီအစဉ်တွေကို ပြုလုပ်ခဲ့ပါတယ်။

 

တရုတ်ပြည်တွင်းဖြစ်ကိုဗစ်ကာကွယ်ဆေး ၂ ဘီလီယံကျော်ကို နိုင်ငံပေါင်း ၁၂၀ နိုင်ငံနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့ပြီးဖြစ်ပါတယ်။

 

နောက်ထပ် ကာကွယ်ဆေး ၁ ဘီလီယံနဲ့ အခမဲ့ကာကွယ်ဆေးပေါင်း သန်း ၆၀၀ကို အာဖရိကနိုင်ငံတွေထံ ပေးပို့ခဲ့ပြီး ကာကွယ်ဆေးပေါင်း သန်း ၁၅၀ ကို အာဆီယံနိုင်ငံတွေထံ ပေးပို့ခဲ့ပါတယ်။

 

ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေကို မထိခိုက်စေဘဲ ကိုဗစ်ရောဂါတိုက်ဖျက်ကာကွယ်ရေးမှာ တစ်ကမ္ဘာလုံး ပူးပေါင်းဆောင်ရွက်ကြဖို့ ရှီက တိုက်တွန်းထားပါတယ်။

 

မစ္စတာရှီဟာ တရုတ်နိုင်ငံအုပ်ချုပ်ရေးမှာ တတိယအကြိမ်မြောက် ဆက်လက်အုပ်ချုပ်ခွင့်ရရန် သေချာသလောက်နီးပါးဖြစ်နေပါပြီ။

ပြီးခဲ့တဲ့နှစ်က ဆင်းရဲမွဲတေမှုပပျောက်ရေးကို လုပ်ဆောင်နိုင်ခဲ့ပြီး ကပ်ရောဂါတွေရှိနေပေမယ့် စီးပွားရေးမှာလည်း ၈ ရာခိုင်နှုန်း တိုးတက်လာခဲ့ပါတယ်။

 

Source: The Straits Times
#Yangon_Media_Group