Published 17 January 2022

ဂျပန်အမျိုးသမီးတစ်ဦးဟာ သူမရဲ့ကလေးကို နိုင်ငံတော်ထံ စွန့်လွှတ်လိုက်ပြီး လူမျိုးနှင့် ပညာရေးနောက်ခံအကြောင်းအရာတွေကို လိမ်လည်ခဲ့တဲ့အတွက် သူမကို သုတ်ပိုးလှူခဲ့သူအပေါ်လည်း တရားစွဲဆိုလိုက်ပါတယ်။

အသက်၃၀ကျော်အရွယ်ရှိတဲ့ အဲဒီအမျိုးသမီးဟာ တိုကျိုမှာ ခင်ပွန်းသည်၊ပထမကလေးတို့နှင့်အတူနေထိုင်သူဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းဟာ မျိုးရိုးလိုက်တဲ့ ရောဂါတစ်မျိုးရှိနေတယ်လို့သိရပြီးတဲ့နောက် ယခုဒုတိယကလေးရဖို့အတွက် သုတ်ပိုးလှူသူ နှင့် သူမဟာ ၁၀ကြိမ် လိင်ဆက်ဆံခဲ့ပါတယ်လို့ တိုကျိုရှင်ဘွန်းသတင်းစာအရသိရပါတယ်။

သုတ်ပိုးလှူသူက သူဟာ ဂျပန်လူမျိုးတစ်ဦးဖြစ်ပြီး လူပျိုလူလွတ်ဖြစ်တယ်။ပြီးတော့ ဂျပန်နိုင်ငံရဲ့ အကောင်းဆုံးတက္ကသိုလ် တွေထဲ တစ်ခုဖြစ်တဲ့ တိုကျိုတက္ကသိုလ်ဘွဲ့ရတစ်ဦးဖြစ်တယ်လို့ သူမကိုပြောခဲ့ပါတယ်။

ဂျပန်သတင်းတွေထဲမှာ နာမည်ဖော်ပြမထားတဲ့ အဲဒီအမျိုးသမီဟာ ၂၀၁၉ခုနှစ် ဇွန်လမှာ ကိုယ်ဝန်ရခဲ့ပါတယ်။

ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်အတွင်းမှာ သူမကိုသုတ်ပိုးလှူခဲ့သူဟာ ဂျပန်လူမျိုးမဟုတ်ဘဲ တရုတ်လူမျိုးတစ်ဦးဖြစ်တယ်။ ပြီးတော့ အခြားတက္ကသိုလ်တစ်ခုတက်ခဲ့တယ်ဆိုတာရယ်၊အိမ်ထောင်ရှိတယ်ဆိုတာရယ်ကို သူမသိလိုက်ရပါတယ်။

အဲဒါကြောင့် အဲဒီသူနှင့်ရတဲ့ ကိုယ်ဝန်ကို သူမက ဆက်မလွယ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါပေမယ့် ဆုံးဖြတ်လိုက်တဲ့အချိန်မှာ ကိုယ်ဝန်ကို ဖျက်ချဖို့ အတော်နောက်ကျသွားပါပြီ။

အဲဒီနောက် ကလေးမွေးလာတဲ့အခါ သူမက အဲဒီကလေးကို နိုင်ငံတော်ထံအပ်နှံပြီး စိတ်ပိုင်းဆိုင်ရာသောကတွေပေးခဲ့အတွက် သုတ်ပိုးလှူသူကိုလည်း ယန်းငွေသန်း၃၃၀(ဒေါ်လာ၂.၈၆သန်း)နစ်နာကြေးနှင့် ပြီးခဲ့တဲ့လက တရားစွဲဆိုလိုက်ပါတယ်။

သူဟာ လိင်ပိုင်းဆိုင်ရာ ကျေနပ်ပျော်ရွှင်မှုရစေဖို့အတွက်  သူမကို လှည့်စားခဲ့တယ်လို့ အဲဒီအမျိုးသမီးကပြောတယ်လို့ တိုကျို ရှင်ဘွန်းက သတင်းရေးသားပါတယ်။

သုတ်ပိုးလှူသူရဲ့ မမှန်မကန်တင်ပြမှုတွေကြောင့် သူမဟာ ပြင်းထန်တဲ့စိတ်ဖိစီးခံစားရမှုတွေနှင့် အိပ်မပျော်တဲ့ပြဿနာတွေ ခံစားနေရတယ်လို့ သူမရဲ့ ရှေ့နေက ဂျပန်ရုပ်သံ တီဘီအက်စ်သတင်းဌာနကိုပြောပါတယ်။

တရားစွဲဆိုရတာဟာ အနာဂတ်မှာ ဒီလိုဒုက္ခသုက္ခမျိုးတွေကို ဟန့်တားနိုင်အောင်နှင့် ဂျပန်နိုင်ငံမှာ ရှင်သန်ကြီးထွားနေတဲ့ မှောင်ခို သုတ်ပိုးအလှူလုပ်ငန်းကိုရည်ရွယ်တာ ဖြစ်တယ်လို့ ရှေ့နေကပြောပါတယ်။


သုတ်ပိုးလှူတာတွေနှင့်ပတ်သက်လို့ စည်းကမ်းသတ်မှတ်တဲ့ ဥပဒေတွေ ဂျပန်မှာ မရှိသေးပါဘူး။ ပြီးတော့ ဂျပန်မှာ လက်ရှိ တရားဝင် သုတ်ပိုးဘဏ်က တစ်ခုပဲရှိသေးလို့ သုတ်ပိုးမှောင်ခိုဈေးကွက်ပေါ်ပေါက်နေရတာဖြစ်ပါတယ်။

၂၀၂၁ ဇွန်လမှာ ဂျပန်နိုင်ငံရဲ့ သုတ်ပိုးအလှူဌာနတစ်ခုဖွင့်လှစ်ခဲ့ပါတယ်။ တစ်နိုင်ငံလုံးမှာ မေထုန်မဲ့ ပဋိသန္ဓေတည်စေတဲ့ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်ပေးတဲ့ ဆေးရုံပေါင်းက ၁၂ရုံပဲရှိပါတယ်လို့ တယ်လီဂရပ်က သတင်းရေးသားပါတယ်။

အဲဒါကြောင့် ဆိုရှယ်မီဒီယာတွေပေါ်မှာ သုတ်ပိုးမှောင်ခိုလုပ်ငန်းတွေ ရှင်သန်ကြီးထွားနေပြီး ယခုလိုမျိုး တရားမဝင်တဲ့ စီစဉ် ဆောင်ရွက်မှုပုံစံတွေကနေ သုတ်ပိုးရယူပြီး မွေးလာတဲ့ကလေးတွေက  တစ်သောင်းခန့်ရှိနေပါတယ်လို့ မီဒီယာတွေရဲ့ သတင်းတွေအရသိရပါတယ်။

ကလေးကိုစွန့်လွှတ်လိုက်တဲ့ အဲဒီအမျိးသမီးရဲ့ ရွေးချယ်မှုအပေါ် ဝေဖန်ပြစ်တင်မှုတွေရှိနေပါတယ်။ “ ကလေးတစ်ယောက်ကို အရာဝတ္ထုတစ်ခုလို သဘောထားတာဟာ လက်သင့်ခံစရာမဟုတ်ဘူး။ဒါပေမယ့် ကလေးငယ်ကို ကောင်းကောင်းမွန်မွန် ကျွေးမွေးစောင့်ရှောက်နိုင်တဲ့ မိဘ တစ်ဦးဦးဆီ ထားလိုက်တာကတော့ ပိုကောင်းပါတယ်” လို့ ကလေးစောင့်ရှောက်ရေး အလုပ်သမားတစ်ဦးဖြစ်တဲ့ မီဇူဟိုဆာဆာကီက ဗိုက်စ်ကမ္ဘာ့သတင်းဌာနကိုပြောကြားလိုက်ပါတယ်။

Source Insider