#WorldHealth


Published - 16 January 2022

ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေက မကြာခင်သက်တမ်းကုန်ဆုံးတော့မယ့် ကိုဗစ်ကာကွယ်ဆေးပေါင်း သန်း ၁၀၀ ခန့်ကို လက်မခံခဲ့ဘူးလို့ ကုလသမဂ္ဂက ပြောကြားလိုက်ပါတယ်။ယူနီဆက်ဖ်(Unicef)အဖွဲ့က နိုင်ငံအနှံ့ကိုဗစ်ကာကွယ်ဆေးရရှိရေးပရိုဂရမ်(Covax)မှာ အဓိကအခန်းကဏ္ဍကပါဝင်နေပြီး ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေမှာ ကိုဗစ်ကာကွယ်ဆေးပို့ဆောင်ဖြန့်ဖြူးရေးအတွက် လုပ်ဆောင်ပေးလျက်ရှိပါတယ်။သက်တမ်းကုန်ဆုံးတော့မယ့် ကိုဗစ်ကာကွယ်ဆေးတွေကို ထိုနိုင်ငံတွေက လက်ခံသွားမှာမဟုတ်ဘူးလို့ ယူနီဆက်ဖ်က ပြောကြားလိုက်ပါတယ်။

"ကာကွယ်ဆေးပေါင်း သန်း ၁၀၀ ကျော်ကို ငြင်းပယ်လိုက်ကြပါတယ်။ အဓိကအကြောင်းအရင်းကတော့ သက်တမ်းကုန်ဆုံးတော့မှာမို့လို့ပဲ ဖြစ်ပါတယ်" လို့ ယူနီဆက်ဖ်ထောက်ပံ့ရေးဌာနခွဲညွှန်ကြားရေးမှူး အတ်လဲဗာကာဒဲလီက ဥရောပပါလီမန်ဖွံဖြိုးတိုးတက်ရေးကော်မတီကို ပြောလိုက်ပါတယ်။

ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးအစီအစဉ်တွေ ချမှတ်ဖို့နဲ့ သွားလာဖို့ခက်ခဲတဲ့နေရာဒေသကလူတွေနဲ့ အထိအခိုက်မခံနိုင်တဲ့နေရာတွေမှာ ထိန်းသိမ်းပြီး ကာကွယ်ဆေးထိုးပေးဖို့က ကာကွယ်ဆေးတွေကို ကြာရှည်သိမ်းဆည်းထားနိုင်မှဖြစ်မယ်လို့ ရှင်းပြသွားပါတယ်။

တစ်ကမ္ဘာလုံးအတွက်ထုတ်လုပ်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ချမ်းသာတဲ့နိုင်ငံတွေက ဝယ်ယူထားပြီး ဆင်းရဲတဲ့နိုင်ငံတွေအတွက်တော့ သက်တမ်းကုန်ခါနီးကာကွယ်ဆေးတွေကိုသာ ချန်ထားပေးလေ့ရှိကြောင်း WHO က မကြာခဏရှုတ်ချဝေဖန်ထားပါတယ်။

ဒီဇင်ဘာလကုန်တုန်းက နိုက်ဂျီးရီးယားနိုင်ငံကို ပို့ဆောင်လိုက်တဲ့ သက်တမ်းကုန်ဆုံးတော့မယ့် အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး ၁ သန်းကျော်ကို နိုက်ဂျီးရီးယားတို့က ဖျက်ဆီးခဲ့ပါတယ်။
Covax ကာကွယ်ဆေးပရိုဂရမ်ကနေ ထောက်ပံ့တဲ့ ကာကွယ်ဆေး ၃ ပုံ ၁ ပုံခန့်ဟာ ဥရောပနိုင်ငံတွေက လှူဒါန်းထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေဖြစ်ကြောင်းလည်း ကာဒဲလီက ရှင်းပြလိုက်ပါတယ်။

အောက်တိုဘာနဲ့နိုဝင်ဘာလတွေမှာ ဥရောပသမဂ္ဂက ထောက်ပံ့ပေးကမ်းတဲ့ အက်စ်ထရာဇန်နီကာ ကိုဗစ်ကာကွယ်ဆေး ၁၅ သန်းကို ဆင်းရဲတဲ့နိုင်ငံတွေက ငြင်းပယ်လိုက်ပြီး အဲဒီကာကွယ်ဆေးတွေထဲက ၇၅ ရာခိုင်နှုန်းဟာ ရောက်ရှိတဲ့အချိန်ကနေ ၁၀ ပတ်အတွင်း သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။

အခုအခါ ကမ္ဘာတဝန်းမှာ ကိုဗစ်ကာကွယ်ဆေးပေါင်း ၉.၄ ဘီလီယံကျော် ထိုးနှံထားပြီးဖြစ်ကြောင်း WHO ညွှန်ကြားရေးမှူးချုပ်က ကြာသပတေးနေ့က ပြောကြားလိုက်ပါတယ်။

၂၀၂၁ ခုနှစ်အဆုံးမှာ ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ ၄၀ ရာခိုင်နှုန်းရောက်ရှိဖို့ သတ်မှတ်ထားကြရာ နိုင်ငံပေါင်း အနည်းဆုံး ၉၀ နိုင်ငံက ၄၀ ရာခိုင်နှုန်း မရောက်ရှိခဲ့ကြပါဘူး။အာဖရိကတိုက်လူဦးရေရဲ့ ၈၅ ရာခိုင်နှုန်းကျော်ဖြစ်တဲ့ လူပေါင်း ၁ ဘီလီယံလောက်ဟာ ကိုဗစ်ကာကွယ်ဆေးကို လုံးဝမထိုးနှံရသေးပါဘူး။


Source: euronews.