#WorldPolitics


Published 15 January 2022
ရုရှားအနေနဲ့ ယူကရိန်းနိုင်ငံရဲ့လုံခြုံရေးအခြေအနေကို ဆက်လက်ခြိမ်းခြောက်နေမယ်ဆိုပါက ဒီကိစ္စကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ တင်ပြသွားဖို့ရည်ရွယ်ထားကြောင်း အမေရိကန်မှတာဝန်ရှိသူများက သောကြာနေ့က ပြောကြားလိုက်ပါတယ်။အဲဒီနောက် အမေရိကန်တို့ကတော့ ဒီကိစ္စကို သံတမန်ရေးအရ ‌ဖြေရှင်းဖို့သာ ဦးစားပေးသွားမှာဖြစ်ကြောင်းလည်း ဆိုလိုက်ပါတယ်။

ရုရှားက ယူကရိန်းနိုင်ငံကို ကျူးကျော်ဖို့ပြင်ဆင်နေတယ်ဆိုပြီး စွပ်စွဲချက်တွေထွက်ပေါ်လာတာကြောင့် ရုရှားနဲ့အနောက်နိုင်ငံအကြား နိုင်ငံရေးတင်းမာမှုတွေ အရှိန်မြင့်တက်လာခဲ့ပါတယ်။
ရုရှားဘက်က တစ်ခုခုကျူးလွန်မယ်ဆိုရင် ကုလသမဂ္ဂရဲ့ နိုင်ငံတကာဖွဲ့စည်းပုံအခြေခံဥပဒေမူဝါဒများအရ လုံခြုံရေးကောင်စီကနေ သင့်လျော်တဲ့တုန့်ပြန်ဆောင်ရွက်မှုတွေကို မဆိုင်းမတွ အရေးယူဆောင်ရွက်သွားမှာဖြစ်ကြောင်း အမည်မဖော်လိုတဲ့ အမေရိကန်မှတာဝန်ရှိသူတစ်ဦးက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

"လုံခြုံရေးကောင်စီကနေ အရေးယူတုန့်ပြန်နိုင်ဖို့ အချက်အလက်တွေကို အသင့်ပြင်ဆင်ထားပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေ၊ နယူးယော့ခ်ရှိ မဟာမိတ်လက်တွဲဖော်တွေနဲ့လည်း ဆွေးနွေးညှိနှိင်းသွားမှာဖြစ်ပါတယ်။ သင့်လျော်တဲ့အချိန်အခါရောက်ရင် လုံခြုံရေးကောင်စီမှာ ဒီကိစ္စကိုတင်ပြဖို့ စောင့်ကြည့်နေပါတယ်" လို့ ပြောသွားပါတယ်။

ရုရှားတို့က ယူကရိန်းနယ်စပ်အနီးမှာ တင့်ကားတွေ၊ အမြောက်တွေ၊ သောင်းနဲ့ချီတဲ့စစ်တပ်အင်အားတွေကို နေရာချထားပြီး ယူကရိန်းအနေနဲ့ နေတိုး(NATO)တပ်ဖွဲ့ဖြင့် ဘယ်တော့မှ ပူးပေါင်းဆောင်ရွက်ခြင်းမပြုဖို့အာမခံချက်ကို အလိုရှိနေပါတယ်။

ရုရှားက ကျူးကျော်ရန် အကြောင်းပြချက်တစ်ခုဖန်တီးဖိုအတွက် လွဲမှားတဲ့ဝါဒဖြန့်မှုတွေနဲ့ အပြစ်တင်စွပ်စွဲဖို့ကြံရွယ်နေကြောင်း သတင်းထောက်လှမ်းရရှိထားတယ်လို့ အမေရိကန်မှတာဝန်ရှိသူများက သောကြာနေ့အစောပိုင်းက ပြောလိုက်ပါတယ်။

နိုင်ငံတွေအကုန်လုံး ကတိကဝတ်ပြုလိုက်နာကျင့်ကြံနေကြတဲ့ ကုလသမဂ္ဂအခြေခံဖွဲ့စည်းပုံဥပဒေမူဝါဒတွေကို ရုရှားဘက်က ဆန့်ကျင်ပြီး ဆက်လက်ရှေ့တိုးလာပါက ကုလသမဂ္ဂလုံခြုံရေးကောင်စီထံမှာ တင်ပြဆွေးနွေးသွားနိုင်ဖွယ် ရှိနေပါတယ်။

အမေရိကန်နဲ့ရုရှားတို့ရဲ့ အခြေအနေက နှစ်နိုင်ငံကြားတင်းမာမှုတွေ ဆက်လက်မြင့်တက်လာဖို့ရှိပြီး ပြိုင်ဆိုင်မှုတွေဖြစ်ပေါ်လာဖွယ်ရှိနေတာကြောင့် လုံခြုံရေးကောင်စီအနေနဲ့ ပါဝင်ညှိနှိင်းရဖို့ရှိနေကြောင်း အမေရိကန်မှတာဝန်ရှိသူနောက်တစ်ဦးက ဆိုပါတယ်။

သိုပေမဲ့ အမေရိကန်နဲ့ မဟာမိတ်အဖွဲ့တွေက သံတမန်ရေးလမ်းကြောင်းမှာသာ ရပ်တည်သွားဖို့ စိတ်အားထက်သန်ကြောင်းလည်း ပြောသွားပါတယ်။ရုရှားနဲ့အမေရိကန်တို့ဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီအဖွဲ့ဝင်တွေဖြစ်ကာ ဗီတိုအာဏာအသုံးပြုခွင့်ရှိတဲ့နိုင်ငံတွေဖြစ်ပါတယ်။

အခုအချိန်ထိတော့ ထိုနှစ်နိုင်ငံအကြား နိုင်ငံရေးတင်းမာလာမှုအပေါ် ကုလက တစ်စုံတစ်ရာပြောဆိုခြင်းမရှိသေးပါဘူး။ကုလသမဂ္ဂအကြီးအမှူးဖြစ်သူ အန်တိုနီယိုဂူတာရက်စ်က ယူကရိန်းအရေးကိစ္စအကြောင်း အနည်းငယ်ပြောဆိုထားပေမယ့် လုံခြုံရေးကောင်စီမှ အခြား ၁၃ နိုင်ငံကတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အခုအချိန်ထိ တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုထားခြင်း မရှိသေးပါဘူး။
Source: France24.