#WorldHealth

Published 15 January 2022

 

အိုမီခရွန်မျိုးဗီဇကွဲမှ ထွက်ပေါ်လာတဲ့ မျိုးဗီဇခွဲအသစ်တစ်မျိုးကူးစက်ခံရတဲ့သူ ၂၀ ခန့်ကို အစ္စရေးလ်မှာ တွေ့ရှိခဲ့ကြောင်း Kan သတင်းဌာနက ကြာသပတေးနေ့ညနေက ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

အဆိုပါကိုဗစ်လူနာများကို မျိုးရိုးဗီဇစစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ BA2 လို့အမည်ပေးထားတဲ့ မျိုးဗီဇအခွဲအသစ်ကို တွေ့ရှိခဲ့ကြပါတယ်။
မျိုးဗီဇအခွဲအသစ်က နဂိုအိုမီခရွန်ထက် ဗီဇပြောင်းလဲမှုများပါဝင်နိုင်ပြီး ပိုမိုအန္တရာယ်ရှိနေနိုင်ပါတယ်။

 

BA2 ရဲ့ ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်ကို ရှင်းရှင်းလင်းလင်းမသိရသေးတဲ့အပြင် အိုမီခရွန်နဲ့ ကွဲပြားမှုတွေရှိလားဆိုတာကိုလည်း သေချာမသိရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ ကိုရိုနာဗိုင်းရပ်စ်ထိန်းချုပ်ရေးဌာနချုပ်က ကြေညာလိုက်ပါတယ်။

 

BA2 ကို လွန်ခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်က တရုတ်မှာတွေ့ရှိခဲ့ပြီး အိန္ဒိယမှာ စတင်ပေါ်ပေါက်ခဲ့တယ်လို့ ယူဆရပါတယ်။
ဒိန်းမတ်၊ ဩစတြေးလျ၊ ကနေဒါ၊ စင်္ကာပူနိုင်ငံတို့မှာလည်း တွေ့ရှိထားကြောင်း Kan သတင်းဌာနက တင်ပြထားပါတယ်။

 

Kan သတင်းဌာနရဲ့ တင်ပြချက်အရ အိုမီခရွန်မျိုးဗီဇအခွဲအသစ် ပေါ်ပေါက်လာခြင်းက စိုးရိမ်ရဖွယ်ရှိနေကြောင်း သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

 

ပြီးခဲ့တဲ့ ၁၀ ရက်အတွင်း အစ္စရေးလ်မှာ ကိုရိုနာဗိုင်းရပ်စ်ပိုးကူးစက်ထားသူ အရေအတွက်က ဆက်တိုက်စံချိန်တင်များပြားလာခဲ့ပြီး တစ်နေ့ကို ကူးစက်သူ ၁၂,၀၀၀ ခန့်ရှိရာမှ ၄၈,၀၀၀ ခန့်အထိ မြင့်တက်လာခဲ့ပါတယ်။

 

လက်တွေ့မှာတော့ ရောဂါပိုးကူးစက်သူအရေအတွက်က ဒီထက်များစွာပိုများနိုင်တယ်လို့ ကျွမ်းကျင်သူတွေက သုံးသပ်ထားပါတယ်။
ရောဂါပြင်းထန်တဲ့လူနာအရေအတွက်ကလည်း အရင်ကထက် မြင့်တက်လာနေပြီဖြစ်ပါတယ်။အရင်အပတ်က ရောဂါပြင်းထန်လူနာ ၁၃၆ ဦးရှိခဲ့ရာ အခုကြာသပတေးနေ့မှာတော့ ၂၈၃ ဦးရှိလာပါပြီ။

 

ဒါ့အပြင် ပြီးခဲ့တဲ့ ၇ ရက်အတွင်း ရောဂါပြင်းထန်လူနာ ၂၈၄ ဦးထပ်မံတွေ့ရှိထားပါတယ်။ဒါပေမဲ့လည်း အိုမီခရွန်ကူးစက်ထားတဲ့လူနာတွေဟာ အရင်ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ယှဉ်ရင် အခြေအနေတွေ တိုးတက်လာတာကို တွေ့ရပါတယ်။

 

အခုတွေ့ရှိထားတဲ့ BA2 အိုမီခရွန်မျိုးဗီဇအခွဲအသစ်က နဂိုအိုမီခရွန်ထက် ပိုမိုပြင်းထန်တယ်ဆိုပါက ရောဂါဆိုးရွားမှုတွေ ကြုံတွေ့လာရနိုင်ပြီး ဆေးရုံမှာ ရောဂါပြင်းထန်လူနာတွေ များပြားလာနိုင်ပါတယ်။

 

အစ္စရေးလ်နဲ့ နိုင်ငံတကာမှ သုတေသနပညာရှင်များက အဆိုပါ BA2 မျိုးဗီဇအခွဲကို စောင့်ကြည့်လေ့လာလျက်ရှိပါတယ်။

Source: The Jerusalem Post.
#Yangon_Media_Group