#WorldPolitics
Published 14 January 2022
ရုရှားတို့က သံတမန်ရေးမှာ လက်မလျှော့နိုင်သေးဘူးလို့ဆိုလိုက်တဲ့အတွက် ဥရောပမှာ စစ်ပွဲတွေဖြစ်လာနိုင်ကြောင်း ပိုလန်နိုင်ငံခြားရေးဝန်ကြီးက ကြာသပတေးနေ့က သတိပေးပြောကြားလိုက်ပါတယ်။
ယူကရိန်းအရေးနဲ့ပတ်သက်ပြီး နိုင်ငံရေးတင်းမာမှုတွေကို ဖြေရှင်းလို့မရတဲ့အခြေအနေတွေ ဖြစ်လာနိုင်တဲ့အတွက် စစ်ဘက်ဆိုင်ရာကျွမ်းကျင်သူတွေက ရွေးချယ်ဆောင်ရွက်မှုတွေပြုလုပ်နိုင်အောင် ပြင်ဆင်လျက်ရှိပါတယ်။
ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်သည်အင်အား ၁ သိန်း နေရာချထားခြင်းက ယူကရိန်းကိုကျူးကျော်ဖို့ ခြိမ်းခြောက်နေဆဲဖြစ်ကြောင်း အမေရိကန်တို့ကပြောကြားလိုက်ပါတယ်။
ရုရှားတို့ဘက်က အကြောင်းပြချက်တစ်ခုထုတ်ပြန်လာနိုင်တယ်လို့ ထောက်လှမ်းသိရှိရပြီး အမေရိကန်က ၂၄ နာရီအတွင်း အများသိအောင် ချပြသွားဖို့ရှိနေပါတယ်။
ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း OSCE ရဲ့ အမေရိကန်သံအမတ် မိုက်ကယ်ကာပန်တာက ရုရှားတို့နဲ့ ဗီယင်နာမှာ တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် "ပြောဆိုဆွေးနွေးမှုတွေက အရှိန်မြင့်တက်လာပြီး တိုက်ပွဲခေါ်သံတွေ နီးစပ်လာပါပြီ" လို့ ပြောကြားသွားခဲ့ပါတယ်။
"စစ်ရေးအရ ကျူးကျော်ခြင်းဟာ ခြိမ်းခြောက်မှုအန္တရာယ် ကြီးမားပါတယ်။ နောက်ထပ်ဘာဆွေးနွေးပြောဆိုမှုမှ ပြုလုပ်တော့မှာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ မဟာမိတ်တွေနဲ့ အရင်ဆုံးညှိနှိုင်းတိုင်ပင်ရပါမယ်" လို့ အိမ်ဖြူတော်မှ အမျိုးသားလုံခြုံရေးအကြံပေးအရာရှိ ဂျိတ်ခ်ဆာလီဗန်က သတင်းထောက်တွေကို ပြောပြသွားပါတယ်။
ရုရှားတို့ကတော့ ဆွေးနွေးမှုတွေပြုလုပ်နေပေမယ့် လမ်းဆုံးနေပြီဖြစ်ကြောင်း၊ ယူကရိန်းနိုင်ငံက နေတိုး NATO အဖွဲ့ဝင်ဖြစ်မလာအောင် အမေရိကန်အနေနဲ့ တားဆီးပေးဖို့ တောင်းဆိုထားကြောင်း၊ ဆယ်စုနှစ်တွေတိုင်အောင် ဥရောပမှာ အနောက်တိုင်းမဟာမိတ်တွေ နယ်မြေချဲ့ထွင်လာတာကို ပြန်ရုတ်သိမ်းဖို့ အလိုရှိကြောင်း ပြောကြားလိုက်ပါတယ်။
ဒီတစ်ပတ်အတွင်း OSCE ဆွေးနွေးပွဲရဲ့ တတိယအကျော့ဆွေးနွေးမှုအပြီးမှာ ရုရှားသံအမတ် အလက်ဇန်ဒါလူကာရှီဗိချ်က "တွေ့ဆုံဆွေးနွေးမှုတွေက စိတ်ပျက်စရာကောင်းပါတယ်။ ရုရှားဘက်က သတ်မှတ်ထားတဲ့ လုံခြုံရေးနောက်ဆုံးအဆင့်တွေမှာ နှစ်ဖက်စလုံးက သဘောတူညီမှုမရခဲ့ဘူးဆိုရင် ပျက်စီးဆုံးရှုံးမှုတွေ ရှိလာနိုင်ပါတယ်။ ဒါပေမယ့် ရုရှားဘက်က သံတမန်ကိစ္စမှာ လက်မလျှော့သေးဘဲ ပိုမိုအရှိန်မြှင့်လုပ်ဆောင်နေပါတယ်" လို့ သတင်းထောက်တွေကို ပြောကြားလိုက်ပါတယ်။
ရုရှားတို့ရဲ့ ပြောဆိုမှုတွေက သံတမန်ရေးဘက်ကို သွားချင်နေတဲ့အရိပ်အယောင် ပေါ်နေပါတယ်။ဒါပေမယ့် ယူကရိန်းနားမှာနေရာချထားတဲ့တပ်ဖွဲ့တွေကို ပြန်ရုတ်သိမ်းပေးဖို့ တောင်းဆိုချက်ကိုတော့ ရုရှားတို့က ငြင်းဆန်လိုက်ပြီး သူတိုရဲ့တောင်းဆိုချက်တွေကို လစ်လျူရှုထားပါက အနောက်နိုင်ငံရဲ့လုံခြုံရေးကိစ္စနဲ့ ပတ်သက်ပြီး မလိုလားအပ်တဲ့ အကျိုးဆက်တွေ ကြုံတွေ့ရနိုင်ကြောင်း သတိပေးလိုက်ပါတယ်။
ပိုလန်နိုင်ငံခြားရေးဝန်ကြီး ဇဘစ်နယူရူက "OSCE အဖွဲ့အတွင်း စစ်ပွဲဖြစ်လာနိုင်ချေက ပြီးခဲ့တဲ့နှစ် ၃၀ မတိုင်ခင်ကထက်တောင် ပိုဆိုးရွားလာနိုင်ပါတယ်"လို့ ပြောသွားပါတယ်။
အရင် ယူဂိုဆလားဗီးယားနိုင်ငံဟောင်းနဲ့ ဆိုဗီယက်ပြည်ထောင်စုဟောင်းတို့မှာ အဲဒီခေတ်က စစ်ပွဲတွေကို စဉ်းစားကြည့်လိုက်တဲ့အခါ ယခုယူကရိန်းနယ်စပ်အနားမှာ ချထားတဲ့ ရုရှားစစ်အင်အား ၁ သိန်းကြောင့် ဥရောပမှာ စိုးရိမ်စရာအနေအထားဖြစ်လာကြောင်း ဇဘစ်နယူရူက မှတ်ချက်ပြုလိုက်ပါတယ်။
ရုရှားတို့ကတော့ ယူကရိန်းကို ကျူးကျော်ဖို့အစီအစဉ်မရှိဘူးလို့ ငြင်းဆိုထားပေမယ့် အဲဒီမှာ စစ်တပ်အင်အားချထားခြင်းက အမေရိကန်နဲ့ သူ့မဟာမိတ်အဖွဲ့တွေ ညှိနှိုင်းဆွေးနွေးဖို့ အကြောင်းဖန်လာခဲ့ပါတယ်။
တနင်္လာနေ့က ဂျီနီဗာမှာ ပြုလုပ်ခဲ့တဲ့ ရုရှား-အမေရိကန်ဆွေးနွေးပွဲများ၊ ဗုဒ္ဓဟူးနေ့က ဘရူဆယ်စ်မှာပြုလုပ်ခဲ့တဲ့ ရုရှား-နေတိုးဆွေးနွေးပွဲများ အပြီးမှာတော့ အခြေအနေတိုးတက်မှုတွေ မရှိခဲ့ဘူးလို့ ဇဘစ်နယူရူက ထုတ်ဖော်ပြောကြားလိုက်ပါတယ်။
Source: Reuters
#Yangon_Media_Group