#World_Health
Published - 14 January 2022
အအေးမိဖျားနာကိုရိုနာဗိုင်းရပ်စ်တွေကြောင့် ထွက်ရှိလာတဲ့ တီဆဲလ်အများအပြားဟာ ကိုဗစ်ရောဂါကို ကာကွယ်ပေးနိုင်ကြောင်း လန်ဒန်အင်ပီရီယယ်ကောလိပ်က တနင်္လာနေ့က တွေ့ရှိခဲ့ပြီး ကိုဗစ်ကာကွယ်ဆေးအသစ်တွေထုတ်လုပ်နိုင်ဖို့ လမ်းစဖြစ်လာနိုင်ပါတယ်။
ကိုဗစ်ရောဂါအတွက် ခုခံအားကို တည်ဆောက်ခြင်းဟာ ရှုပ်ထွေးလှတဲ့ဖြစ်စဉ်ဖြစ်တဲ့အပြင် ကိုဗစ်ကာကွယ်ဆေးထိုးပြီး ၆ လအကြာလောက်မှာ antibody ပမာဏလျော့ကျလာကြောင်း တွေ့ရှိထားတာကြောင့် ရောဂါကာကွယ်နိုင်ဖို့အတွက် တီဆဲလ်တွေက အဓိကကျလာနိုင်တယ်လို့ ယုံကြည်နေကြပါတယ်။
ကိုဗစ်ရောဂါကူးစက်ခံထားရတဲ့လူတွေနဲ့ တစ်အိမ်ထဲနေထိုင်တဲ့သူ ၅၂ ဦးထဲမှာ အအေးမိဖျားနာခြင်းကြောင့် ထွက်ရှိလာတဲ့ တီဆဲလ်ပမာဏကို လေ့လာခဲ့ကြည့်ပြီး ရောဂါကူးစက်ဖြစ်ပွားလာသလားဆိုတာကို စောင့်ကြည့်ခဲ့ကြပါတယ်။
ရောဂါကူးစက်ခြင်းမခံရတဲ့ ၂၆ ဦးက ရောဂါကူးစက်ခံရသူတွေထက် တီဆဲလ်ပမာဏ သိသိသာသာများပြားကြောင်း တွေ့ရှိခဲ့ကြပါတယ်။တီဆဲလ်တွေက ဘယ်လောက်အထိ ကြာရှည်ကာကွယ်နိုင်သလဲဆိုတာကိုတော့ အင်ပီရီယယ်က မပြောသွားပါဘူး။
"အအေးမိဖျားနာခြင်းကိုဖြစ်စေတဲ့ အခြားကိုရိုနာဗိုင်းရပ်စ်တွေ ကူးစက်တဲ့အခါ ခန္ဓာကိုယ်က တီဆဲလ်အများအပြားထွက်ရှိလာပြီး ကိုဗစ်ရောဂါကူးစက်မှုကို ကာကွယ်ပေးနိုင်ကြောင်း တွေ့ရှိရပါတယ်"လို့ သုတေသနစာတမ်းပြုစုသူ ဒေါက်တာရီယာကွန်ဒူက ပြောသွားပါတယ်။
တီဆဲလ်တွေက SARS-CoV-2 ဗိုင်းရပ်စ်ရဲ့ အတွင်းပိုင်းပရိုတိန်းတွေကို ပစ်မှတ်ထားကာကွယ်ပေးတာဖြစ်ပြီး ကာကွယ်ဆေးထုတ်လုပ်ရေးကုမ္ပဏီတွေအတွက် ပြောင်းလဲထုတ်လုပ်နိုင်မယ့်နည်းလမ်းဖြစ်လာနိုင်ပါတယ်။
လက်ရှိကိုဗစ်ကာကွယ်ဆေးတွေ ပစ်မှတ်ထားတိုက်ခိုက်တဲ့ စပိုက်ခ်ပရိုတိန်းကတော့ သန္ဓေပြောင်းလဲလေ့ရှိပြီး အိုမီခရွန်ကဲ့သို မျိုးဗီဇကွဲတွေ ပေါ်ပေါက်လာကာ ကိုဗစ်ကာကွယ်ဆေးတွေ ထိရောက်မှုလျော့နည်းလာတာဖြစ်ပါတယ်။
တီဆဲလ်တွေက ပစ်မှတ်ထားတဲ့ အတွင်းပိုင်းပရိုတိန်းတွေကတော့ စပိုက်ခ်ပရိုတိန်းနဲ့ယှဉ်ရင် သန္ဓေပြောင်းလဲခြင်းမျိုး သိပ်ပြီးမတွေ့ရကြောင်း ပရော်ဖက်ဆာ အဂျစ်လာလ်ဗာနီက ဆိုပါတယ်။
အတွင်းပိုင်းပရိုတိန်းတွေက SARS-CoV-2 မျိုးဗီဇကွဲပြောင်းလဲမှုတွေမှာ သိပ်ပြီးပြောင်းလဲခြင်းမရှိပါဘူး။အဆိုပါပရိုတိန်းတွေပါဝင်တဲ့ ကိုဗစ်ကာကွယ်ဆေးအသစ်တွေက တီဆဲလ်တုန့်ပြန်မှုတွေ ထွက်ပေါ်စေပြီး လက်ရှိကူးစက်နေတဲ့ ကိုရိုနာမျိုးဗီဇကွဲတွေနဲ့ နောင်ထွက်ပေါ်လာနိုင်တဲ့ မျိုးဗီဇကွဲတွေကို ကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။
Source: Reuters.