#World_Politics
Published - 13 January 2022


မြောက်ကိုရီးယား ပြုံယမ်းရဲ့ နောက်ဆုံးပေါ်ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ပထမဆုံးအကြိမ်တုန့်ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားအရာရှိ ၅ ဦးကို အမေရိကန်အုပ်ချုပ်ရေးအဖွဲ့က ဗုဒ္ဓဟူးနေ့က အရေးယူပိတ်ဆို့ခြင်းများ ချမှတ်လိုက်ပြီး ကုလသမဂ္ဂရဲ့ နောက်ထပ်ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေနဲ့လည်း ဆောင်ရွက်သွားနိုင်ဖို့ ကြိုးပမ်းနေကြောင်း ကြေညာလိုက်ပါတယ်။

မြောက်ကိုရီးယားဒုံးကျည်ပရိုဂရမ်တွေမှာ ပါဝင်တဲ့ ပစ္စည်းကိရိယာတွေနဲ့ နည်းပညာတွေရယူမှုတွေအတွက် အရာရှိ ၅ ဦးကို အမေရိကန်က ပြစ်ဒဏ်ချမှတ်လိုက်တာဖြစ်ကြောင်း ဘဏ္ဍာရေးဌာနက ပြောကြားလိုက်ပါတယ်။

အခြားမြောက်ကိုရီးယားလူမျိုးတစ်ဦး၊ ရုရှားလူမျိုးတစ်ဦးနဲ့ ရုရှားကုမ္ပဏီတစ်ခုတို့ကိုလည်း လူအမြောက်အများသေကြေပျက်စီးနိုင်တဲ့ မြောက်ကိုရီးယားလက်နက်တွေကို အကျယ်တဝံ့ထောက်ပံ့နေတဲ့အတွက် နိုင်ငံခြားရေးဌာနက ပိတ်ဆို့အရေးယူရန် အမိန့်ပေးလိုက်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက အသံထက်မြန်သည့်ဒုံးကျည်ကို အင်္ဂါနေ့က အောင်မြင်စွာစမ်းသပ်ပစ်လွှတ်မှုမှာ ကြီးကြပ်ခဲ့ပြီးနောက် နိုင်ငံရဲ့တုန့်ပြန်ကာကွယ်ရေးနျူကလီးယားလက်နက်အင်အားမှာ အတော်လေးတိုးတက်နေပြီဆိုတဲ့ အခိုင်အမာပြောဆိုချက်ကို ထုတ်ဖော်ပြောကြားပြီး နာရီပိုင်းအကြာမှာ အရေးယူမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာလကတည်းက ကုလသမဂ္ဂလုံခြုံရေးကောင်စီရဲ့မူဝါဒတွေကို ချိုးဖောက်ရာကျခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းဒုံးကျည် ၆ ကြိမ်ပစ်လွှတ်မှုကိုလည်း တုန့်ပြန်တဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုနဲ့ ဘဏ္ဍာရေးဌာနတို့က ကုလအရေးယူပိတ်ဆို့ခြင်းတွေကို ပြုလုပ်ဖို့ရည်ရွယ်ထားကြောင်း ကုလသမဂ္ဂမှ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ဗုဒ္ဓဟူးနေ့ညက တွစ်တာမှာဖော်ပြလိုက်ပါတယ်။

အဆိုပြုတင်သွင်းထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုအသစ်တွေအတွက် အမေရိကန်က ကောင်စီမိတ်ဖက်တွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်နေကြောင်း အမေရိကန်သံတမန်တစ်ဦးက ဆိုလိုက်ပါတယ်။

ဘဏ္ဍာရေးဌာနက အရေးယူလိုက်တဲ့ မြောက်ကိုရီးယား ၅ ဦးထဲက တစ်ဦးဟာ ရုရှားမှာအခြေစိုက်တည်ရှိပြီး ကျန်တဲ့ ၄ ယောက်က တရုတ်မှာတည်ရှိပါတယ်။
သူတို့အားလုံးကို နိုင်ငံရဲ့ စစ်ရေးကာကွယ်ရေးအစီအစဉ်တွေနဲ့ ပတ်သက်နေတဲ့ မြောက်ကိုရီးယား သဘာဝသိပ္ပံဒုတိယအကယ်ဒမီကို ငွေကြေး၊ ကုန်စည်နဲ့ ဝန်ဆောင်မှုတွေ ပေးဆောင်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့တာဖြစ်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက သံတမန်ရေးရာနဲ့ နျူကလီးယားကင်းစင်ပပျောက်ရေးတို့ကို တောင်းဆိုထားကြပေမယ့် မြောက်ကိုရီးယားနိုင်ငံရဲ့ နောက်ဆုံးပေါ်ဒုံးကျည်ပစ်လွှတ်မှုတွေက တားမြစ်ထားတဲ့အစီအစဉ်တွေကို ဆက်လက်လုပ်ဆောင်နေတယ်ဆိုတဲ့ အထောက်အထားတွေ မြင်တွေ့နေရကြောင်း ဘဏ္ဍာရေးဌာနမှ အကြမ်းဖက်မှုနဲ့ငွေကြေးထောက်လှမ်းရေး အကြီးအမှူး ဘရိုင်ယန်နယ်လ်ဆန်က ဆိုလိုက်ပါတယ်။

အရေးယူမှုတွေထဲမှာ အမေရိကန်တရားစီရင်ပိုင်ခွင့်အတွင်းရှိ ထိုအရာရှိတွေရဲ့ ပိုင်ဆိုင်မှုမှန်သမျှကို ရပ်ဆိုင်းခြင်း၊ အမေရိကန်ပြည်သူများကို ထိုအရာရှိတွေနဲ့ စီးပွားရေးလုပ်ကိုင်ခြင်းမှ တားမြစ်ခြင်း၊ သူတို့နဲ့ ဆက်လက်အရောင်းအဝယ်ပြုနေတဲ့ နိုင်ငံခြားကုမ္ပဏီတွေနဲ့ လူပုဂိ္ဂုလ်တွေကို ပြစ်ဒဏ်ချမှတ်နိုင်ခြင်းများ ပါဝင်ပါတယ်။

မြောက်ကိုရီးယားရဲ့ နောက်ဆုံးပေါ်ဒုံးကျည်ပစ်လွှတ်မှုတွင် အသံထက်မြန်သည့် လျှောတိုက်ယာဉ်တစ်စင်းပါဝင်ကာ ၁,၀၀၀ ကီလိုမီတာအဝေးရှိ ပင်လယ်ပြင်ပစ်မှတ်ကို ပစ်ခတ်ပြသခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် သတင်းဌာနတစ်ခုက ဖော်ပြသွားပါတယ်။

သတင်းဌာနကထုတ်လွှင့်တဲ့ ဓာတ်ပုံတွေထဲမှာ ဒုံးပျံထိပ်ဖူးက လိမ္မော်ရောင်မီးတောက်တွေထွက်လာကာ ကောင်းကင်သိုပျံတက်သွားပုံတွေကို ကင်မ်ဂျုံအန်းနဲ့ ထိပ်တန်းအရာရှိတွေက အခန်းငယ်တစ်ခုကနေ ကြည့်ရှုနေကြပုံတွေ ပါဝင်ပါတယ်။

ယခုပစ်လွှတ်မှုက မြောက်ကိုရီးယားရဲ့ တစ်ပတ်အတွင်း ဒုတိယအကြိမ်မြောက်ဒုံးကျည်စမ်းသပ်ပစ်လွှတ်ခြင်းဖြစ်ပြီး စက်တင်ဘာလက စတင်စမ်းသပ်နေခဲ့တဲ့ လက်နက်အမျိုးအစားတစ်ခုဖြစ်ပါတယ်။

နိုင်ငံတကာပိတ်ဆို့အရေးယူမှုတွေ၊ ကပ်ရောဂါအခြေအနေတွေ၊ အမေရိကန်နဲ့ သံတမန်ရေးတင်းမာမှုတွေ ရှိနေတဲ့ကြားထဲက ကင်မ်ဂျုံအန်းက နျူကလီးယားလက်နက်စွမ်းရည်တွေကို ဆက်လက်ချဲ့ထွင်ဖို့ တွန်းအားပေးလျက်ရှိပါတယ်။
Source: AP News