#WorldNews

Published 12 January 2022

 

ကမ္ဘောဒီးယားကျေးလက်ဒေသမှ လက်နက်ရှင်းလင်းရေးသူရဲကောင်းရွှေတံဆိပ်ဆုရ မြေမြှုပ်မိုင်းရှာဖွေရေးကြွက်တစ်ကောင်ဟာ သေဆုံးသွားခဲ့ပြီဖြစ်ကြောင်း ထိုကြွက်ကို လေ့ကျင့်သင်ကြားပေးတဲ့ အဖွဲ့စည်းက ဇန်နဝါရီ ၁၁ ရက်နေ့ အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

 

တန်ဇန်နီယာဒေသမှ အဆိုပါအာဖရိကကြွက်ကြီးကို မက်ဂါဝါလို့ အမည်ပေးထားပြီး သူ့ဘဝသက်တမ်းတလျှောက်မှာ ဘောလုံးကွင်း ၄၂ ကွင်းစာလောက်နဲ့ ညီမျှတဲ့ ၂၂၅,၀၀၀ စတုရန်းမီတာခန့်ရှိ မြေနေရာတွေမှာ မြေမြှုပ်မိုင်းတွေကို ရှာဖွေပေးခဲ့ပါတယ်။

 

မက်ဂါဝါဟာ အခြားဖောက်ခွဲရေးပစ္စည်းတွေနဲ့ မြေမြှုပ်မိုင်း ၁၀၀ ကျော်လောက် ရှာဖွေပေးနိုင်ခဲ့ပြီးနောက် ပြီးခဲ့တဲ့နှစ် ဇွန်လက အနားယူခဲ့ပါပြီ။

 

ပြီးခဲ့တဲ့ ရက်သတ္တပတ်အကုန်မှာ မက်ဂါဝါက အသက် ၈ နှစ်အရွယ်အရောက်မှာ အေးအေးချမ်းချမ်းသေဆုံးသွားခဲ့ပြီလို့ သူ့ကိုလေ့ကျင့်သင်ကြားပေးတဲ့ ဘယ်လ်ဂျီယံကူညီရေးအဖွဲ့အစည်း APOPO က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

 

"APOPO မှ လူတွေအားလုံး မက်ဂါဝါကို ဆုံးရှုံးရတဲ့အတွက် ဝမ်းနည်းပူဆွေးနေရပါတယ်။ မက်ဂါဝါက မယုံနိုင်လောက်အောင် စွမ်းဆောင်ပေးနိုင်ခဲ့တဲ့အတွက်လည်း ကျေးဇူးတင်အမှတ်ရနေမှာပါ" လို့ အဖွဲ့အစည်းက ပြောကြားသွားပါတယ်။

 

ပြီးခဲ့တဲ့အပတ်က မက်ဂါဝါဟာ ကျန်းကျန်းမာမာ တက်တက်ကြွကြွဖြင့် ဆော့ကစားနေပါသေးတယ်လို့ APOPO က ဆိုပါတယ်။
ရက်သတ္တပတ်ကုန်ခါနီးမှာတော့ မက်ဂါဝါဟာ စတင်အားနည်းလာကြောင်း၊ အိပ်တဲ့အချိန်ပိုများလာကာ နောက်ဆုံးရက်တွေမှာ အစာမစားနိုင်တော့ကြောင်း အဖွဲ့က ပြောပါတယ်။

 

APOPO က မက်ဂါဝါကို ဖောက်ခွဲရေးပစ္စည်းတွေမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေကို ရှာ‌ဖွေတတ်အောင်လေ့ကျင့်ပေးထားပြီး သူ့အကြိုက်ဆုံး ငှက်ပျောသီးတွေ မြေပဲတွေနဲ့ ဆုချလေ့ရှိပါတယ်။

 

သူ့ရဲ့ အနံ့ခံအာရုံကို အသုံးပြုကာ မြေကြီးကိုကုတ်ခြစ်ပြီး ဗုံးရှင်းလင်းရေးသမားတွေကို သတိပေးတတ်ပါတယ်။
သမားရိုးကျ သတ္တုရှာဖွေရေးစက်ဖြင့် ၄ ရက်ကြာရှာဖွေရတဲ့နေရာကို မက်ဂါဝါက မိနစ် ၃၀ အတွင်း ရှာဖွေနိုင်ပါတယ်။
ရှာမတွေ့သေးတဲ့ မြေမြှုပ်မိုင်းတွေနဲ့ မပေါက်ကွဲသေးတဲ့ပစ္စည်းတွေကို ကြံ့ကြံ့ခံရှာဖွေနိုင်ခဲ့တာကြောင့် ၂၀၂၀ စက်တင်ဘာလက ဗြိတိန်အရပ်ဘက်အမြင့်ဆုံးဂုဏ်ပြုဆုနဲ့ ညီမျှတဲ့ တိရိစ္ဆာန်းဂုဏ်ပြုဆုကို ရရှိခဲ့ပါတယ်။

 

ဗြိတိန်တိရိစ္ဆာန်ကူညီစောင့်ရှောက်ရေးအဖွဲ့ PDSA ရဲ့ ၇၇ နှစ်တာဆုချီးမြှင့်ရာမှာ မက်ဂါဝါက ဆုရရှိတဲ့ ပထမဦးဆုံးကြွက်ဖြစ်လာပြီး အခြားဆုရရှိဖူးတဲ့တိရိစ္ဆာန်တွေထဲမှာ ခွေးတွေ၊ ကြောင်တွေနဲ့ ခိုတွေတောင် ပါဝင်ပါတယ်။

 

ကမ္ဘောဒီးယားနိုင်ငံအတွင်း ၁၉၉၈ ခုနှစ်မှာ အဆုံးသတ်ခဲ့တဲ့ ဆယ်စုနှစ် ၃ ခုနီးပါးဖြစ်ပွားခဲ့တဲ့ ပြည်တွင်းစစ်မှာ မြေမြှုပ်မိုင်းပေါင်းသန်းနဲ့ချီ ချထားခဲ့ပြီး လူပေါင်းသောင်းဂဏန်းအထိ သေဆုံးခဲ့ရပါတယ်။

 

တနင်္လာနေ့က တင့်ကားထောင်မိုင်းတွေကို ရှင်းလင်းဖို့ကြိုးစားနေတဲ့ မိုင်းဖြုတ်သမား ၃ ဦးဟာ မိုင်းရှင်းလင်းရင်း သေဆုံးခဲ့ပါတယ်။

Source: CNA
#Yangon_Media_Group