Published 10 January 2022

ကာလီဖိုနီးယားပြည်နယ်၊လော့အင်ဂျလိကရဲတွေဟာ တနင်္ဂနွေနေ့ ဇန်နဝါရီ၁၀ရက်က ရထားသံလမ်းပေါ်ပျက်ကျခဲ့တဲ့ ဆက်စ်နာ Cessna လေယာဉ်ငယ်လေးကို ရထားတစ်စီးက တိုက်ချမသွားခင် စက္ကန့်ပိုင်းအလိုကလေးမှာ လေယာဉ်ပျက်ထဲက လေယာဉ်မှူးကို  ဆွဲထုတ်နိုင်ခဲ့ပါတယ်လို့ ရိုက်တာသတင်းအရသိရပါတယ်။

ရိုက်တာကရရှိတဲ့ စိတ်လှုပ်ရှားဖွယ်ဗွီဒီယိုထဲမှာ အောက်စိုက်ကျနေတဲ့လေယာဉ်ထဲကသူတစ်ဦးကို အရာရှိတော်တော်များများ ကလွတ်မြောက်အောင်ဆွဲထုတ်ကယ်တင်နေတာကိုတွေ့ရပါတယ်။ အဲဒီလေယာဉ်ဟာ ပက်ကွိုင်မာရပ်ကွက်နေ ပျံတက်အပြီး သိပ်မကြာခင်မှာ ရထားလမ်းပေါ်ပျက်ကျခဲ့တာဖြစ်တယ်လို့ ဒေသမီဒီယာတွေကရေးသားပါတယ်။  ခုတ်မောင်းနေတဲ့ ရထားတစ်စီးက အဲဒီလေယာဉ်ပျက်ကို တိုက်ချသွားတဲ့အချိန်မှာ လေယာဉ်မှူးနှင့် အရာရှိတွေဟာ ရထားလမ်းကနေ ပေအနည်းငယ်ပဲဝေးကွာတဲ့နေရာမှာ ရောက်ရှိနေတာပါ။

“ လေယာဉ်က ပျံတက်လို့မရဘဲ နာမည်ကြီးရထားလမ်းဆုံနေရာတစ်ခုက ရထားသံလမ်းပေါ် ဆင်းသက်ရင်းပျက်ကျ ခဲ့ပါတယ်” လို့  အဲဒီဗွီဒီယိုကိုရိုက်ကူးတဲ့ အသက်၂၁နှစ်အရွယ် သီချင်းရေးဆရာ လူးဝစ်ဂျင်မန်နက်ဇ်က ပြောပါတယ်။

“ ရထားမတိုက်ခင် စက္ကန့်ပိုင်းအလိုမှာ ရဲအရာရှိတွေက လေယာဉ်မှူးကိုကယ်နိုင်ခဲ့တာပါ။ လေယာဉ်ကိုယ်ထည်အပိုင်းအစတွေ ကျွန်တော့်ကိုတောင်ထိတော့မလိုဖြစ်သွားတယ်” လို့သူကပြောပါတယ်။

လေယာဉ်မှူးဟာ ပြတ်ရှဒဏ်ရာတွေကြောင့် ဆေးဝါးကုသမှုခံယူနေရပြီး အခြေအနေတည်ငြိမ်နေပါတယ်လို့ ဒေသခံမီဒီယာ တွေကပြောပါတယ်။ရထားပေါ်က ဘယ်သူမှ ထိခိုက်ဒဏ်ရာမရကြပါဘူး။

လော့အင်ဂျလိရဲဌာနကတင်ထားတဲ့ တွစ်တာပေါ်က ဗွီဒီယိုမှာ အရာရှိတွေရဲ့ ကိုယ်ပေါ်မှာတပ်ထားတဲ့ကင်မရာကနေရိုက်ကူး ထားတဲ့ ဗွီဒီယိုကိုတွေ့ရပါတယ်။ အရာရှိတွေဟာ သွေးသံရဲရဲဖြစ်နေတဲ့ လေယာဉ်မှူးကို လေယာဉ်ပျက်ထဲကနေ ဆွဲထုတ်ကယ် တင်နေကြချိန်မှာ ရထားဥဩသံကြားရပါတယ်။ အဲဒါနှင့် အလျင်အမြန်ဆွဲထုတ်ပြေးကြပြီး စက္ကန့်ပိုင်းအတွင်းမှာ ရထားက လေယာဉ်ကိုတိုက်ချသွားခဲ့တာကိုပြသထားပါတယ်။(ရုပ်သံကြည့်ရှုရန်)

>>>>https://t.me/yangonmediagroup/4086

ရဲဌာနက အရာရှိတွေရဲ့စွမ်းစွမ်းတမံလုပ်ဆောင်မှုကို ချီးကျူးခဲ့ပါတယ်။ သူရဲကောင်းပီသမှုကိုပြသခဲ့ကြပြီး လူတစ်ယောက်ရဲ့ အသက်ကို ခပ်မြန်မြန်ကယ်တင်နိုင်ခဲ့ကြပါတယ်” လို့တွစ်တာမှာရေးသားချီးကျူးခဲ့ကြပါတယ်။

Source Reuters