Published 10 January 2022

#ဆွေးနွေးပွဲတစ်ပွဲတည်းနှင့်သံခင်းတမန်ခင်းကျရှုံးသွားနိုင်ဟုရုရှားဝန်ကြီးပြော

#တပ်ဖြန့်ချထားမှုအကန့်အသတ်ကိစ္စ မဆွေးနွေးဟုအမေရိကန်အရာရှိများပြော

#ယူကရိန်းကိုကျူးကျော်လျှင်ပိတ်ဆို့အရေးယူမှုခံရမည်ဟုအနောက်အုပ်စုခြိမ်းခြောက်

ဒီတစ်ပတ်ထဲမှာ ယူကရိန်းအကျပ်အတည်းကိစ္စ ဆွေးနွေးကြတဲ့အခါ အမေရိကန်ရဲ့ဖိအားအောက်မှာ အလျှော့ပေးလိုက်လျော တာတွေ လုပ်မှာမဟုတ်ဘူးလို့ ရုရှားက ဇန်နဝါရီ(၉)ရက် တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ ပြီးတော့ အနောက်နိုင်ငံရဲ့ လုံခြုံရေးဆိုင်ရာ အာမခံချက်ကို ရုရှားက တောင်းဆိုထားပြီး အဲသလိုမဟုတ်ရင် ဆွေးနွေးပွဲ ခပ်မြန်မြန်အဆုံးသတ်သွားနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။

လွန်ခဲတဲ့ဆယ်စုနှစ်များစွာမှာ စစ်အေးတိုက်ပွဲပြီးဆုံးကတည်းကကြည့်ရင် အမေရိကန်-ရုရှားဆက်ဆံရေး အတင်းမာဆုံး ဖြစ်နေတဲ့အချိန်မှာ ရုရှားက ယူကရိန်းကို ကျူးကျော်မယ့် အန္တရာယ်ကို ရှောင်လွှဲနိုင်မယ်လို့ ဝါရှင်တန်ကယုံကြည်ထားတဲ့ စေ့စပ်ဆွေးနွေးပွဲအတွက် ကျိုးပဲ့သွားနိုင်တဲ့ အလားအလာတွေကို မော်စကိုက သဘောထားတင်းမာသူတွေက အလေးပေး ပြောဆိုနေပါတယ်။

ဆွေးနွေးမှုတွေကို ဂျီနီဗာ၊ဘရပ်ဆဲလ်နှင့် ဗီယင်နာတို့မှာ ကျင်းပဖို့စီစဉ်ထားပါတယ်။ ဒါပေမယ့် အစည်းအဝေးတစ်ပွဲတည်းနှင့် သံခင်းတမန်ခင်းက ရုတ်ခြည်းအဆုံးသတ်သွားနိုင်ဖို့ လုံးဝဖြစ်နိုင်တဲ့အခြေအနေရှိနေတယ်လို့ ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂျီရာဘကော့ဗ်ကပြောဆိုတဲ့အကြောင်း ရုရှားနိုင်ငံပိုင် အာရ်အိုင်အေ အေဂျင်စီက သတင်းထုတ်ပြန်ထားပါတယ်။

“ ကျွန်တော့်အနေနှင့် ဘာကိုမှမထုတ်ပယ်နိုင်ဘူး။ ဒါဟာ လုံးဝဖြစ်နိုင်ခြေရှိနေတဲ့ အခင်းအကျင်းဖြစ်တယ်။ အမေရိကန်တွေ အနေနှင့် ဒါနှင့်ပတ်သက်လို့အတွေးမှား အယူမှားတွေမရှိသင့်ဘူး” လို့ သူကပြောပါတယ်။

“ သဘာဝအရကို ကျွန်တော်တို့ဟာ ဖိအားနှင့် လာမယ့်ဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးကြမယ့် အနောက်ကသူတွေ အဆက် မပြတ်ပြုလုပ်နေတဲ့ ခြိမ်းခြောက်မှုတွေရဲ့အောက်မှာ ဘာတစ်ခုမှ အလျှော့ပေးမှာ မဟုတ်ဘူး” လို့ သူကဆက်ပြောပါတယ်။

ဂျနီဗာဆွေးနွေးပွဲကို ဦးဆောင်မယ့် ရုရှားဒုတိယနိုင်ငံခြားရေးဝန်ကြီး ရာဘကော့ဗ်က မော်စကိုအနေနှင့် စေ့စပ်ညှိနှိုုင်းဖို့ရာ အကောင်းမမြင်ဘူးလို့ ပြောတယ်လို့ အင်တာဖက်သတင်းအေဂျင်စီကရေးသားပါတယ်။

ယခုအခြအနေကို နူကလီးယားစစ်ပွဲတစ်ခုဖြစ်လုနီးနီး ကမ္ဘာကြီးကကြုံခဲ့ရတဲ့ ၁၉၆၂ခုနှစ် ကျူးဘားအကျပ်အတည်းနှင့် နှိုင်း ယှဉ်ခဲ့တဲ့ ဒုဝန်ကြီး ရာဘကော့ဗ်ရဲ့ပြောစကားတွေဟာ  ဘာမှအပေးအယူမလုပ်ဘူးလို့ ရုရှားက ပြီးခဲ့တဲ့ ရက်သတ္တပတ် တွေထဲ က ပြောဆိုထားတာတွေနှင့် တစ်ထပ်တည်းကျနေပါတယ်။

ရုရှားစစ်သည်ထောင်ပေါင်းများစွာဟာ ယူကရိန်းနယ်စပ်အနီးစုရုံးရောက်ရှိနေခဲ့ကြပါတယ်။အဲဒါကို အမေရိကန်နှင့် ယူကရိန်း   တို့က ကျူးကျော်ဖို့ပြင်ဆင်နေတယ်လို့ ပြောနေကြပါတယ်။ရုရှားဟာ လွန်ခဲ့တဲ့(၈)နှစ်က ယူကရိန်းထံမှ ခရိုင်းမီးယား ကျွန်းဆယ်ကို သိမ်းပိုက်ထားခဲ့ပါတယ်။

ရုရှားက ကျူးကျော်တဲ့အစီအစဉ်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။ နေတိုးစစ်မဟာမိတ်အဖွဲ့နှင့် ယူကရိန်းတို့ရဲ့ ရန်လိုတဲ့ အပြုအမူတွေအပေါ်တုန့်ပြန်မှုတစ်ခုသာဖြစ်တယ်လို့ ရုရှားကပြောပါတယ်။ ယူကရိန်းဟာ ယခင်ဆိုဗီယက်နိုင်ငံရဲ့ အိမ်နီးချင်း ဖြစ်ပြီး  အနောက်အုပ်စုကိုယိမ်းနေပြီး နေတိုးအုပ်စုထဲ ဝင်ရောက်ဖို့ စိတ်ထက်သန်နေပါတယ်။

ပြီးခဲတဲ့ ရက်သတ္တပတ်ငါးပတ်က အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က ရုရှားသမ္မတ ပူတင်နှင့်စကားပြောဆိုစဉ်အတွင်း ယူကရိန်းကို ရုရှားကထပ်ပြီး ကျူးကျော်ရန်စတာတွေလုပ်လာရင် မကြုံစဖူးစီးပွားရေးအရေးယူပိတ်ဆို့မှုတွေနှင့် ရင်ဆိုင်ရ လိမ့်မယ်လို့ ဘိုင်ဒင်က သတိပေးခဲ့ပါတယ်။ ခုနှစ်ပြည်ထောင်အုပ်စုနိုင်ငံတွေနှင့်ဥရောပသမဂ္ဂတို့ကလည်း ကြီးမားတဲ့ အကျိုးဆက်ဆိုတဲ့ အဲဒီခြိမ်းခြောက်မှုမှာ ပူးပေါင်းပါဝင်လာကြပါတယ်။

အဲသလိုဆိုရင် ဆက်ဆံရေးလုံးဝဥဿုံပြတ်တောက်သွားတဲ့ ကြီးမားတဲ့ အမှားကြီးတစ်ခုဖြစ်သွားလိမ့်မယ်လို့ ပူတင်က ပြန်ပြီးတုန့်ပြန်ခဲ့ပါတယ်။

ရာဘကောဗ်ဦးဆောင်တဲ့ အဖွဲ့ ဂျီနီဗာကိုရောက်နေပြီလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။ ဆွေးနွေးပွဲတွေကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပါတယ်။

ရုရှားဟာ နေတိုးနှင့်စေ့စပ်ညှိနှိုင်းပွဲကို ဘရပ်ဆဲလ်မှာ ဗုဒ္ဓဟူးနေ့ ကျင်းပဖို့စီစဉ်ထားပြီး ဥရောပ လုံခြုံရေးနှင့် ပူးပေါင်း    ဆောင်ရွက်ရေးအဖွဲ့နှင့် ဗီယင်နာမှာ ကြာသပတေးနေ့ ကျင်းပဖို့စီစဉ်ထားပါတယ်။

Source Reuters