Published 11 January 2022

နှာခေါင်းတို့ဖတ်ယူပြီး ကိုဗစ်အမြန်စစ်ခြင်းဟာ အိုမီခရွန်ကို ကူးစက်ခံထားရပြီး ပထမရက်အနည်းငယ်အတွင်းမှာ ထိတွေ့ သိရှိနိုင်ဖို့ မသေချာဘူးလို့ ကူးစက်ရောဂါပညာရှင်တစ်ဦးက ပြောပါတယ်။ အဲဒါကြောင့် ထုတ်လုပ်သူတွေဟာ လည်ချောင်းက အာခေါင်တို့ဖတ်ကိုပါ ယူပြီးစစ်တာကို အမေရိကန်ရဲ့ ခွင့်ပြုချက်ရယူဆောင်ရွက်သင့်တယ်လို့ သူကပြောပါတယ်။

အမေရိကန်ရဲ့ အစားအသောက်နှင့်ဆေးဝါးအုပ်ချုပ်ရေးအဖွဲ့က ကိုယ်တိုင်လည်ချောင်းက အာခေါင်တို့ဖတ်ယူစစ်ဆေးတဲ့အခါ ဘေးကင်းစိတ်ချရမှုကို စိုးရိမ်ပူပန်နေပါတယ်။ အိုမီခရွန်ဟာ နှာခေါင်းထဲမရောက်ခင်  လည်ချောင်းနှင့်တံထွေးထဲ ရောက်တာနှင့်ပဲ အခြားသူတွေကို ကူးစက်ပြီးဖြစ်နိုင်လို့  စောစောပိုင်းကူးစက်မှုအခြေအနေမှာ နှာခေါင်းတို့ဖတ်ယူစစ်တာက ပိုးကိုတွေ့နိုင်မှာမဟုတ်ဘူးလို့  ဒေါက်တာမိုက်ကယ်လ်မီနာက ပြောပါတယ်။သူဟာ ယခင်က ဟားဗတ်တီအိတ်ချ် ချန် ပြည်သူ့ကျန်းမာရေးကျောင်းကဖြစ်ပြီး ယခု eMed မှာ သိပ္ပံအရာရှိချုပ်လုပ်နေပါတယ်။သူက သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့က ပညာရှင်သုံးသပ်မှုမပြုလုပ်ခင်  medRxiv ကနေ ထုတ်ဝေလိုက်တဲ့ လေ့လာတွေ့ရှိချက်တစ်ရပ်မှာ  အန္တရာယ် မြင့်မားနေတဲ့ပညာရှင်အုပ်စုတွေထဲက အိုမီခရွန်ကူးစက်ခံထားရသူ ၂၉ဦးကို လေ့လာခဲ့တာပါ။သူတို့ဟာ ပီစီအာရ်နှင့် အင်တီဂျင်စစ်ဆေးမှုတွေကို ရက်ပေါင်းများစွာ ဆက်တိုကအစစ်ခံခဲ့ကြပါတယ်။ နှာခေါင်းတို့ဖတ်ကနေ ပေါ့စတစ် စမပြခင် သုံးရက်အလိုမှာ အာခေါင်တို့ဖတ်(တံထွေး)ကနေ ပီစီအာရ်စစ်ဆေးမှုနှင့် အိုမီခရွန်ကူးစက်မှုကိုပြသတာတွေ့နေရပါတယ်။

“ အဲဒါကြောင့် အမြန်စစ်တဲ့ကိရိယာနှင့်ပိုးစစ်လို့ နဂ္ဂတစ်အဖြေထွက်နေသူတွေဟာ အခြာသူတွေကို ပိုးကူးစက်နိုင်ခြေရှိ နေပါတယ်” လို့ လေ့လာရေးအဖွဲ့ခေါင်းဆောင် ဘလိုက်အက်ဒမ်ဆွန်က ပြောပါတယ်။ သူဟာ နယူးယောက်အခြေစိုက် Infectious Economics LLCက ဖြစ်ပါတယ်။

ပေါ့စတစ် အင်န်တီဂျင်စစ်ဆေးမှုက စိတ်ချရတယ်လို့ မီနာကပြောပါတယ်။

အချို့ပညာရှင်တွေက နှာခေါင်းတို့ဖတ်မယူခင်မှာ အာခေါင်တို့ဖတ်ယူပြီး အင်တီဂျင်စစ်ဆေးမှု အရင်ပြုလုပ်သင့်တယ်လို့ ဆိုရှယ်မီဒီယာတွေမှာပြောထားကြပါတယ်။အက်ဖ်ဒီအေကတော့ အသုံးပြုသူတွေအနေနှင့် အသုံးပြုသူလက်စွဲလမ်းညွှန်အတိုင်းလုပ်ဆောင်သင့်တယ်လို့ပြောထားပါတယ်။အာခေါင်တို့ဖတ်ယူတာဟာ နှာခေါင်းတို့ဖတ်ထက်ပိုရှုပ်ထွေးတဲ့အတွက် နည်းမမှန်ရင် လူနာကို အန္တရာယ်ဖြစ်စေတယ်လို့ အက်ဖ်ဒီအေကပြောပါတယ်၊အဲဒါကြောင့် စီဒီစီက အာခေါင်တို့ဖတ်ယူတာကို လေ့ကျင့်ထားတဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုပဲ လုပ်ဆောင်စေတာဖြစ်တယ်လို့ သူတို့ကပြောပါတယ်။

 မိမိအိမ်မှာ ကိုယ်တိုင် အာခေါင်တို့ဖတ်ယူဖို့အတွက် ထုတ်လု့ပ်သူတွေအနေနှင့် လုံခြုံစိတ်ချရတဲ့အထိ လေ့လာစမ်းသပ် မှုတွေအရင်လုပ်သင့်တယ်လို့ မီနာကပြောပါတယ်။ အက်ဖ်ဒီအေရဲ့လမ်းညွှန်ချက်ကို မလိုက်နာသူတွေ ကိုယ့်တာဝန်ကိုယ် ယူကြရလိမ့်မယ်လို့ မီနာကဆက်ပြောပါတယ်။အိုမီခရွန်ဟာ အခြားမျိုးကွဲတွေထက်စာရင် ရောဂါလက္ခဏာစောစောပြတတ်တယ်လို့ သုတေသနတွေကပြဆိုနေပါတယ်။

လက္ခဏာခံစားနေရပြီဆိုရင် ကိုယ့်ကိုကိုယ်ပေါ့စတစ်လို့သဘောထားလိုက်ပါ။ ဒါပေမယ့် ရက်အနည်းငယ်စောင့်ပြီး အင်တီဂျင်စစ်ဆေးမှုကိုခံယူပါလို့ သူက အကြံပြုပါတယ်။

Source JPost

-ymg/ukk