#World_Tech
Published - 9 January 2022


ယူကေတဝန်းရှိ စာသင်ကျောင်းတွေနဲ့ မူလတန်းအရွယ်စာသင်ခန်းတွေမှာ ကိုဗစ်ဗိုင်းရပ်စ်အမှုန်လေးတွေကို စစ်ထုတ်ပေးနိုင်တဲ့ အစ္စရေးလ်နိုင်ငံထုတ် အဆင့်မြင့်လေသန့်စင်စနစ်တွေကို အကောင်အထည်ဖော်တပ်ဆင်လျက်ရှိပါတယ်။

ဗိုင်းရပ်စ်ရှိနေလျက်နဲ့ပင် အသက်ရှင်နေထိုင်သွားရမယ်ဆိုတဲ့ ဗြိတိန်အစိုးရရဲ့မူဝါဒအတိုင်း အစ္စရေးလ်ကုမ္ပဏီ အော်ရာအဲ (Aura Air)မှထုတ်လုပ်တဲ့ လေသန့်စင်စက်များကို ယော့ခ်ရှိင်းယား၊ ဘရိုက်တန်၊ အက်ဆက်စ်၊ ကန့် အစရှိတဲ့ အင်္ဂလန်ခရိုင်ဒေသတွေက စာသင်ကျောင်းတွေမှာ တပ်ဆင်ထားကြပါတယ်။

လေသန့်စင်စက်ဟာ အခန်းတွင်းရှိ လေထုတစ်ခုလုံးကို နာရီပေါင်းများစွာကြာတဲ့အထိ အစားထိုးလည်ပတ်စေပြီး HEPA လေသန့်စင်စနစ်၊ ပိုးသတ်စနစ်၊ လေထုပိုးမွှားသန့်စင်ခြင်းစနစ်တိုဖြင့် ဗိုင်းရပ်စ်နဲ့ဘက်တီးရီးယားအမှုန်များကို ၉၉.၉၇ ရာခိုင်နှုန်း ဖယ်ရှားစစ်ထုတ်ပေးနိုင်ပါတယ်။

အဆိုပါစက်တွေက အိုမီခရွန်နဲ့ဒယ်လ်တာအပါအဝင် ကိုဗစ်မျိုးဗီဇကွဲအားလုံးကို ထိရောက်စွာတိုက်ဖျက်ပေးနိုင်တဲ့အပြင် မှိုများ၊ ကပ်ပါးများ၊ အဆိပ်အတောက်များနဲ့ အခြားအော်ဂဲနစ်ဒြပ်ပေါင်းများကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။

ဒီလေသန့်စင်စနစ်ဟာ အဲကွန်းလေအေးပေးစက်တွေနဲ့ သီးခြားတပ်ဆင်နိုင်တာကြောင့် မြင့်မားတဲ့စွမ်းဆောင်ရည် ပေးစွမ်းနိုင်ပါတယ်။

စာသင်ကျောင်းမှ ဝန်ထမ်းများနဲ့ စီမံခန့်ခွဲသူများက အက်ပ်လီကေးရှင်းတစ်ခုကနေ လေသန့်စနစ်ကို စောင့်ကြည့်ထိန်းချုပ်နိုင်မှာဖြစ်ပြီး ကျောင်းသားတွေကို ပိုမိုကာကွယ်ပေးနိုင်မှာဖြစ်ပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြားကနေ အော်ရာအဲကုမ္ပဏီက စတင်စမ်းသပ်ထုတ်လုပ်နေခဲ့တာဖြစ်ပါတယ်။

ရုံးတွေ ဆေးဘက်ဆိုင်ရာအဆောက်အအုံတွေ စာသင်ကျောင်းတွေအတွက် ရည်ရွယ်ထုတ်လုပ်ခဲ့တာဖြစ်ပြီး ကိုဗစ်ကပ်ရောဂါထိန်းချုပ်ရေးပြင်ဆင်မှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

အစ္စရေးလ်၊ အမေရိကန်၊ ဥရောပနဲ့ အာရှိနိုင်ငံများရှိ ဆေးရုံများ၊ ပညာရေးအဖွဲ့အစည်းများ၊ တက္ကသိုလ်များ၊ စားသောက်ဆိုင်များ၊ ဖျော်ဖြေရေးနေရာများနဲ့ အများပြည်သူသုံး ခရီးသည်ပို့ဆောင်ရေးနေရာတွေမှာ အော်ရာအဲက သူတို့ရဲ့လေသန့်စင်စက်ပေါင်း သောင်းနဲ့ချီပြီး တပ်ဆင်ထားပြီးပါပြီ။


Source: The Jerusalem Post