Published 31 December 2021
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ ဒီဇင်ဘာ ၃၀ရက် ကြာသပတေးနေ့က ယူကရိန်းကိစ္စနှင့် ပတ်သက်လို့ အပြန်အလှန်သတိပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဇန်နဝါရီမှာ သံတမန်စကားပြောကြတဲ့အခါ တင်းမာမှုတွေလျော့ပါးလာနိုင်မယ့် အကောင်းမြင်မှုအချို့ကိုလည်း ဆောင်ကြဉ်းလာနိုင်ခဲ့တယ်လို့ ရိုက်တာကရေးသားလိုက်ပါ တယ်။
ဒီလအတွင်း သူတို့နှစ်ဦးရဲ့ ဒုတိယအကြိမ်မြောက် ဆက်သွယ်ပြောဆိုမှုဖြစ်တဲ့ ဒီတစ်ခါ ဖုန်းဆက်သွယ်ပြောဆိုမှုဟာ မိနစ်၅၀ ကြာမြင့်ခဲ့ပါတယ်။ ယူကရိန်းအနီးမှာ စစ်အင်အားတိုးချဲ့တာကို လျှော့ချပေးဖို့ ဘိုင်ဒင်က မြင်တွေ့လိုတယ်လို့ ဘိုင်ဒင်က ပြောဆိုပြီး ရုရှားကို ဝါရှင်တန်က ပိတ်ပင်အရေးယူတွေနှင့်ခြိမ်းခြောက်မှုတွေဟာ နှစ်နိုင်ငံဆက်ဆံရေးပြတ်တောက်သွားနိုင် တယ်လို့ ပူတင်က ပြောလိုက်ပါတယ်။ယခု ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုကို ပူတင်က မေတ္တာရပ်ခံခဲ့တာဖြစ်ပါတယ်။
“ အရှိန်မြင့်တင်မယ့်အစား အရှိန်လျှော့ချတဲ့ ဝန်းကျင်တစ်ခုကသာ ဆွေးနွေးမှုတွေမှာ ခြေခြေမြစ်မြစ်ရှိတဲ့ တိုးတက်မှုတွေ ရရှိနိုင်မှာဖြစ်တယ်လို့ သမ္မတ ဘိုင်ဒင်က ထပ်လောင်းပြောဆိုပါတယ်” လို့ အိမ်ဖြူတော် သတင်းထုတ်ပြန်ရေးအရာရှိ ဂျင်န်ဆက်ကီက ပြောပါတယ်။
ဆက်သွယ်ပြောဆိုမှုဟာ အနာဂတ်ဆွေးနွေးပွဲတွေအတွက် ကောင်းမွန်တဲ့ နောက်ခံတစ်ခုဖန်တီးပေးခဲ့တယ်လို့ ကရင်မလင်ရဲ့ လက်ထောက်တစ်ဦးဖြစ်တဲ့ ယူရီယူရှက်ကော့ဖ်က ပြောပါတယ်။
နှစ်နိုင်ငံခေါင်းဆောင်တွေဟာ နိုင်နှစ်ငံအကြား အဆင့်နိမ့်ဆွေးနွေးမှုတွေ အတွက် အစီအစဉ်တွေချမှတ်နိုင်ခဲ့ကြပါတယ်။ အဲဒီအထဲမှာ ဇန်နဝါရီ (၉)ရက်နှင့်(၁၀)ရက်မှာပြုလုပ်မယ့် အမေရိကန်-ရုရှား လုံခြုံရေးအစည်းအဝေး၊ ဇန်နဝါရီ၁၂ရက်မှာ ကျင်းပမယ့် ရုရှား-နေတိုးအစည်းအဝေးနှင့် ဇန်နဝါရီ ၁၃ရက်မှာ မော်စကို၊ဝါရှင်တန်နှင့် ဥရောပနိုင်ငံတွေပါဝင်တဲ့ ပိုမို ကျယ်ပြန်တဲ့ ကွန်ဖရင့်တစ်ခုတို့လည်းပါဝင်ပါတယ်။
သံခင်းတမန်ခင်းပြောကြဆိုကြပေမယ့် ပြောကြဆိုကြတဲ့လေသံတွေကတော့ အတော့်ကို ပြင်းထန်တယ်လို့ နှစ်ဘက်အရာရှိ တွေကသတ်မှတ်ကြပါတယ်။ ဘယ်နိုင်ငံကမှ အဖြေတစ်ခု ဒါမှမဟုတ် အပေးအယူတစ်ခုခုကို ဦးတည်သွားစေနိုင်တဲ့ အသေးစိတ်သိသာထင်ရှားတဲ့ တိုးတက်မှုတွေ မရှိခဲ့ဘူးလို့လည်း ဆိုပါတယ်။
ကိဗ်မှာတော့ ရုရှားတပ်တွေ အင်အား ခြောက်သောင်းကနေ ကိုးသောင်းအထိ မြောက်ပိုင်း၊အရှေ့ပိုင်းနှင့် တောင်ပိုင်းမှာ စုရုံး ရောက်ရှိနေကြတာကို ခေါင်းဆောင်တွေက ပူပန်နေကြပါတယ်။ မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့(နေတိုး) လုံခြုံရေးမဟာမိတ်တွေကလည်း ကြိုတင်ပြင်ဆင်မှုတွေလုပ်နေကြပါတယ်။
ရုရှားတွေက ဒီရက်သတ္တပတ်ပိတ်ရက်တွေအတွင်း ရုရှားက အင်အားတစ်သောင်းလောက် ပြန်ရုပ်သိမ်းမယ်ဆိုတဲ့ သတင်းတစ်ခု က ဝါရှင်တန်ကို ယုံကြည်အောင်မလုပ်နိုင်သေးပါဘူး။ ပြန်ရုပ်သိမ်းတာနှင့်ပတ်သက်တဲ့ သက်သေအထောက် အထားက အနည်းငယ်မျှပဲတွေ့ရသေးတယ်လို့ အရာရှိတွေကပြောကြပါတယ်။ဒီတစ်ပတ်စောစောပိုင်းမှာ အမေရိကန် ပြည်ထောင်စုက သူ့ရဲ့ ဂျေစတား စစ်လေယာဉ်ကို ယူကရိန်းလေပိုင်နက်ထဲ ပထမဆုံးအကြိမ်အဖြစ် ဖြန့်ကျက် ချထားလိုက်ပါတယ်။ ထောက်လှမ်းရေးလေယာဉ်ပုံစံမျိုးစုံရှိနေတာက ဒီဒေသမှာ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။
ရုရှားက ယူကရိန်းကိုကျူးကျော်လာရင် အမေရိကန်က အရင်ကမရှိခဲ့ဘူးတဲ့ ပိတ်ဆို့အရေးယူမှုတွေ လုပ်မယ်လို့ ထပ်မံ ခြိမ်းခြောက်ခဲ့ပါတယ်။
ဘိုင်ဒင်က လမ်းကြောင်းနှစ်ခုချပြပါတယ်။ သံခင်းတမန်ခင်းနှင့် ခြိမ်းခြောက်ဟန့်တားမှုအပါအဝင်၊ ပြင်းထန်တဲ့ ပေးဆပ်မှု နှင့် အကျိုးဆက်အပါအဝင်ဖြစ်ပါတယ်လို့ အကြီးတန်းအစိုးရအရာရှိတစ်ဦးက ပြောပါတယ်။
အဓိပ္ပါယ်ရှိတဲ့ တိုးတက်မှုတွေနှင့် သဘောတူညီမှုတွေမဖြစ်နိုင်တဲ့ နယ်ပယ်တွေရှိနိုင်တာကိုလည်း နှစ်ဘက်ခေါင်းဆောင်တွေ က အသိအမှတ်ပြုကြပါတယ်။လာမယ့် ဆွေးနွေးပွဲတွေမှာ အဲဒီခေါင်းစဉ်တစ်ခုချင်းစီကို အတိအကျသတ်မှတ်ကြလိမ့်မယ်လို့ လည်း သူကပြောပါတယ်။
ဖြစ်နိုင်တာတွေထဲမှာ ရုရှားကို ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးစနစ်ကနေ ဖြတ်တောက်ပစ်တာတွေပါနိုင်တယ်လို့ လက်ထောက် တွေကပြောကြပါတယ်။
အခုနှင့်နောင်လုပ်မယ့် မည်သည့်ပိတ်ဆို့ကန့်သတ်မှုတွေမဆို နှစ်နိုင်ငံအကြား ဆက်ဆံရေးကို လုံးဝပြတ်တောက်သွားတာကို ဦးတည် သွားလိမ့်မယ်လို့ ပူတင်က ချက်ခြင်းတုန့်ပြန်ခဲ့တယ်လို့ ယူရှက်ကော့ဖ်က ပြောပါတယ်။
“ ကျွန်တော်တို့ရဲ့ သားစဉ်မြေးဆက်တွေက ကြီးမားတဲ့ မှားယွင်းချစ်တခုအဖြစ် ရှုမြင်မယ့် အမှားတစ်ခုဖြစ်သွားလိမ့်မယ်လို့ လည်း ကျွန်တော်တို့သမ္မတက ပြောခဲ့ပါတယ်” လို့ သူက ဖြည့်စွက်ပြောပါတယ်။
မော်စကိုက ပြီးခဲ့တဲ့ နှစ်လအတွင်း တပ်တွေဖြန့်ကျက်ချထားခဲ့တာတွေကြောင့် ၂၀၁၄ခုနှစ်က ယူကရိန်းရဲ့ ခရိုင်မီးယား ကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့ပြီး ယူကရိန်းအရှေ့ဖက်က ခွဲထွက်ရေးတိုက်ခိုက်ရေးသမားတွေကို ထောက်ခံကူညီပေးတာတွေ ကိစ္စ အနောက်အုပ်စုကို သတိပေးသလိုဖြစ်စေခဲ့ပါတယ်။
ရုရှားက ယူကရိန်းကို တိုက်ခိုက်ဖို့စီစဉ်ထားတယ်ဆိုတာကို ငြင်းဆိုပါတယ်။ ကိုယ့်မြေမှာ ကိုယ်တပ်တွေကို ကိုယ်ကြိုက်သလို ရွှေ့ပြောင်းခွင့်ရှိတယ်လို့လည်း ပြောပါတယ်။
အနောက်က ယူကရိန်းကို စစ်အင်အားပြန်လည်တပ်ဆင်ပေးမှာကို စိတ်ပူနေတဲ့ မော်စကိုက အဖွဲ့ဝင် ၃၀ပါတဲ့နေတိုးမဟာမိတ် တွေအနေနှင့် အရှေ့ဘက်ကို ထပ်မံတိုးချဲ့တာတွေမလုပ်ဘူးဆိုတာနှင့် အချို့ တိုက်ခိုက်ရေးလက်နက်တွေကို ယူကရိန်း သို့မဟုတ် ယင်းရဲ့ အိမ်နီးချင်းနိုင်ငံတွေထံမှာ ဖြန့်ကျက်မထားပါပါဘူးဆိုတဲ့ ဥပဒေအရအာမခံချက်တစ်ခုကို လိုချင်နေပါတယ်။
အနောက်အုပ်စုဘက်က လုံခြုံရေးဆိုင်ရာ အာမခံချက်အချို့ မော်စကိုက လိုအပ်တယ်ဆိုတာ ဘိုင်ဒင်က သဘောတူပုံရတယ်၊ပြီးတော့ အမေရိကန်အနေနှင့်လည်း ယူကရိန်းမှာ တိုက်ခိုက်ရေးလက်နာက်တွေ ဖြန့်ကျက်ထားဖို့ မရည်ရွယ်ဘူးလို့ ဘိုင်ဒင်ကပြောတဲ့အကြောင်း ကရင်မလင်က ပြောပါတယ်။
ကရင်မလင်က ပုံဖော်တဲ့ ဘိုင်ဒင်ရဲ့ မှတ်ချက်အပေါ် အိမ်ဖြူတော်ဘက်က တုန့်ပြန်မှတ်ချက် လတ်တလောမရသေးပါဘူး။
ပူတင်က လက်ရှိ တင်းမာမှုကို ၁၉၆၂ခုနှစ် စစ်အေးကာလ ကျူးဘား ဒုံးကျည် အကျပ်အတည်းနှင့် နှိုင်းယှဉ်ထားပါတယ်။ သူ့ရဲ့ တောင်းဆိုချက်တော်တော်များများကို ဝါရှင်တန်က မှတ်သားထားပါတယ်။ အဲဒီအထဲမှာ နေတိုးတိုးချဲ့တာတွေကန့်သတ်ဖို့ ဆိုတာလည်းပါဝင်ပါတယ်။
Source Reuters