#WorldHealth
Published 31 December 2021
အိုမီခရွန်မျိုးဗီဇကွဲကူးစက်မှုက အရင်နှစ်က ဖြစ်ပေါ်ခဲ့တဲ့ ကိုဗစ်ရောဂါလိုမျိုးမဟုတ်ကြောင်း၊ ကိုဗစ်ရောဂါကြောင့် အသက်သေဆုံးမှုနှုန်းတွေကလည်း အရင်လိုမဟုတ်တော့ကြောင်း ရောဂါခုခံအားပညာရှင်တစ်ဦးက ဆိုပါတယ်။
အိုမီခရွန်မျိုးဗီဇကွဲ ကူးစက်ပျံ့ပွားလာကာ လတ်တလောမှာ ဆေးရုံတက်ကုသခံယူမှုတွေ များလာပေမယ့် ရောဂါက သိပ်ပြီးပြင်းထန်ခြင်းမရှိတာကြောင့် ဆေးရုံမှာ ခဏသာနေထိုင်ရကြောင်း အောက်စ်ဖိုဒ်တက္ကသိုလ်မှ ဆေးပညာပရော်ဖက်ဆာ ဆာဂျွန်ဘဲလ်က ပြောကြားလိုက်ပါတယ်။
အောက်ဆီဂျင်အထောက်အပံ့လိုအပ်တဲ့ လူနာနည်းပါးသွားပြီး ဆေးရုံမှာ ပျမ်းမျှ ၃ ရက်လောက်သာ တက်ရောက်ကုသရပါတယ်။
အင်္ဂလန်မှာ အစိုးရအဖွဲ့က ခရစ္စမတ်အကြိုမတိုင်မီ ကိုဗစ်ကန့်သတ်ချက်တွေ ဆက်လက်မထုတ်ပြန်ခဲ့တာကြောင့် သိပ္ပံပညာရှင်အချို့က ဝေဖန်နေကြပါတယ်။
ကိုဗစ်ကပ်ရောဂါစဖြစ်ကတည်းက သိပ္ပံပညာနဲ့ အစိုးရဥပဒေအကြား အကြီးမားဆုံး သဘောထားကွဲလွဲမှု ဖြစ်ခဲ့ပါတယ်။အိုမီခရွန်မျိုးဗီဇကွဲက ရောဂါအပျော့စားဖြစ်တတ်ပြီး ကူးစက်မြန်တာကြောင့် ဆေးရုံတက်ကုသခံယူမှုနဲ့ အသက်သေဆုံးမှုနှုန်းတွေ မြင့်တက်လာမှာကို သိပ္ပံပညာရှင်တို့က စိုးရိမ်နေကြပါတယ်။
NHS Providers အဖွဲ့ရဲ့ အမှုဆောင်ချုပ် ခရစ္စဟော့ပ်ဆန်က အသက်အရွယ်ကြီးသူတွေမှာ ကူးစက်မှုတွေ မြင့်တက်လာပါက ဘာတွေဖြစ်လာမလဲဆိုတာ သေချာမပြောနိုင်သေးဘူးလို့ ဆိုပါတယ်။
"ခရစ္စမတ်ကာလမှာ လူကြီးလူငယ်အရွယ်စုံပါဝင်ခဲ့ကြတာကြောင့် အိုမီခရွန်ကူးစက်မှုကနေ ဆေးရုံတက်ရောက်ရတဲ့ လူနာတွေ ဘယ်လောက်အထိများလာသလဲဆိုတာကို စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်" လို့ BBC Breakfast ကို ပြောကြားသွားပါတယ်။အိုမီခရွန်ကူးစက်ထားတဲ့ NHS ဝန်ထမ်းတွေကို သီးခြားခွဲထားရတာကြောင့် ဝန်ထမ်းအင်အားလျော့နည်းပြီး ကျန်းမာရေးဝန်ဆောင်မှုတွေမှာ အခက်အခဲတွေရှိလာပါတယ်။လန်ဒန်ရှိ ဝန်ထမ်း ၄၀ ရာခိုင်နှုန်းလောက်အထိ နားရနိုင်တယ်လို့ ကျွမ်းကျင်သူများက ခန့်မှန်းထားပါတယ်။
"ကိုဗစ်ရောဂါကြောင့် ဆေးကုသမှုခံယူလိုတဲ့ လူနာတွေများပြားလာခြင်းထက် ကျန်းမာရေးဝန်ထမ်းအင်အားလျော့နည်းခြင်းက ပိုပြီးပြဿနာကြီးထွားစေမှာ ဖြစ်ပါတယ်" လို့ ဟော့ပ်ဆန်က ဆိုပါတယ်။လက်ရှိမျိုးဗီဇကွဲအသစ် အိုမီခရွန်ကြောင့် ကိုဗစ်ရောဂါကူးစက်မှုတွေ မြင့်တက်လာပေမယ့် အရင်ကိုဗစ်လှိုင်းတွေလောက် ဆေးရုံတက်ကုသခံယူရမှု မရှိပါဘူး။
တောင်အာဖရိကမှရရှိတဲ့ အချက်အလက်တွေအရ လက်ရှိအိုမီခရွန်က အရင်ကိုဗစ်မျိုးဗီဇကွဲတွေထက် ဆေးရုံတက်ကုသခံရမှုနှုန်း နည်းပါးလာသလို ဆေးရုံတက်ရတဲ့သူတွေမှာလည်း ဆေးရုံမှာနေရတဲ့ရက်က နည်းပါးလာတာကို တွေ့ခဲ့ရပါတယ်။
ကိုဗစ်ရောဂါပိုးက ကိုရိုနာဗိုင်းရပ်စ်အမျိုးအစားတစ်ခုသာဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း မျိုးဗီဇကွဲအသစ်တွေ ထွက်ပေါ်နေမှာဖြစ်ပါတယ်။သာမန်အအေးမိဖျားနာစေတဲ့ နောက်ထပ်ရောဂါပိုးအဖြစ် ပြောင်းလဲလာနိုင်ပါတယ်။
Source: The Guardian
#Yangon_Media_Group