#WorldPolitics

Published 30 December 2021

 

ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်တပ်များနေရာချထားခြင်းနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ဥရောပနိုင်ငံများက သဘောထားတူညီစွာ တုန့်ပြန်ခဲ့ကြကာ အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ ကြာသပတေးနေ့မှာ ပြောဆိုဆွေးနွေးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားလိုက်ပါတယ်။

 

အမေရိကန်နဲ့ရုရှားတို့ ဥရောပအရှေ့ဘက်မှာ အခြေအနေတင်းမာမှုများဖြစ်ပေါ်နေသည့်အပေါ် လုံခြုံရေးဆိုင်ရာဆွေးနွေးမှုများအပါအဝင် အကြောင်းအရာမျိုးစုံကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း အိမ်ဖြူတော်လုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ အမ်မီလီဟွန်းက ဗုဒ္ဓဟူးနေ့က ထုတ်ပြန်သွားပါတယ်။

 

ဆွေးနွေးမှုကို ဒေသစံတော်ချိန် ညနေ ၃ နာရီခွဲမှာ ပြုလုပ်သွားမှာပါ။ ယူကရိန်းအရေးနဲ့ပတ်သက်ပြီး ဘိုင်ဒန်က ဥရောပနိုင်ငံများမှ ခေါင်းဆောင်တွေနဲ့ ပြောဆိုခဲ့ပြီး အမေရိကန်အုပ်ချုပ်ရေးအစိုးရအဖွဲ့ကတော့ နေတိုး(NATO)တပ်ဖွဲ့၊ ဥရောပသမဂ္ဂနဲ့ ဥရောပရှိ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်းတို့နဲ့ ပြောဆိုခဲ့ကြပါတယ်။

 

လွန်ခဲ့တဲ့ ၂ လက ယူကရိန်းနယ်စပ်နားမှာ ရုရှားစစ်အင်အားသောင်းဂဏန်းအထိ ချထားခဲ့တာကြောင့် ၂၀၁၄ ခုနှစ်က ယူကရိန်းရဲ့ ခရိုင်မီးယားကျွန်းဆွယ်ကို သိမ်းပိုက်ခဲ့သလို ပြန်ဖြစ်လာမှာကို အမေရိကန်တို့က စိုးရိမ်နေကြပါတယ်။

 

ရုရှားဘက်ကတော့ ယူကရိန်းကိုတိုက်ခိုက်ဖို့ အစီအစဉ်မရှိကြောင်း ငြင်းဆိုထားပြီး ကိုယ့်နိုင်ငံကိုယ့်နယ်မြေမှာ ကိုယ့်ရဲ့စစ်တပ်တွေကို ကြိုက်သလိုနေရာချထားခွင့်ရှိကြောင်း ဆိုလိုက်ပါတယ်။

 

ယူကရိန်းအတွက် အနောက်နိုင်ငံတွေက လက်နက်ထောက်ပံ့နေသည့်အပေါ် ရုရှားတို့က စိုးရိမ်နေပြီး ဥရောပအရှေ့ဘက်သို့ နေတိုး(NATO)တပ်ဖွဲ့များ ထပ်မံတိုးချဲ့မလာအောင် တရားဝင်အာမခံချက်ပေးဖို့ အလိုရှိနေပြီး ယူကရိန်းနဲ့ အခြားအိမ်နီးချင်းနိုင်ငံတွေမှာ ထိုးစစ်ဆင်လက်နက်တွေကို နေရာချမထားဖို့ ရုရှားက တောင်းဆိုခဲ့ပါတယ်။

 

လက်တလောမှာလည်း အမေရိကန်ဘက်က ဆက်လက်စိုးရိမ်နေရဆဲဖြစ်ကြောင်း၊ ရုရှားတို့က ယူကရိန်းနယ်စပ်နားမှာရှိတဲ့ စစ်အင်အား ၁ သောင်းခန့်ကို တပ်ပြန်ဆုတ်မယ်လို့ ပြီးခဲ့တဲ့ရက်ပိုင်းက သတင်းပို့ခဲ့ပေမယ့် အခုအချိန်အထိတော့ အဲဒီလိုအရိပ်ယောင်မမြင်ရသေးပါဘူးလို့ အမေရိကန်အုပ်ချုပ်ရေးအရာရှိတွေက ပြောဆိုလိုက်ပါတယ်။

 

ဆွေးနွေးတဲ့အခါမှာ ရုရှားဘက်က ကျူးကျော်ဝင်ရောက်မှုပြလုပ်ပါက အမေရိကန်တို့က ထိရောက်တဲ့ စီးပွားရေးပိတ်ဆို့မှုတွေ ပြုလုပ်သွားဖို့ ဂျိုးဘိုင်ဒန်က သတိပေးသွားဖွယ်ရှိနေပါတယ်။

 

ဘိုင်ဒန်ရဲ့ အစိုးရအုပ်ချုပ်ရေးအဖွဲ့က ရုရှားအိမ်နီးချင်းနိုင်ငံများအပါအဝင် ယူကရိန်းနိုင်ငံ၊ နေတိုးအဖွဲ့ဝင်နိုင်ငံများနဲ့ ထဲထဲဝင်ဝင် ဆွေးနွေးလျက်ရှိပါတယ်။ယူကရိန်းလေပိုင်နက်မှာ အမေရိကန်ရဲ့ ကင်းထောက်လေယာဉ်အမျိုးမျိုး ဖြန့်ကျက်ထားပြီး အမေရိကန်စစ်တပ်ပိုင် JSTARS စပိုင်လေယာဉ်ကိုလည်း ပထမဆုံးအနေနဲ့ စေလွှတ်ထားပါတယ်။

 

အမေရိကန်နဲ့ ရုရှားမှ တာဝန်ရှိသူတို လုံခြုံရေးကိစ္စရပ်များအကြောင်း တွေ့ဆုံဆွေးနွေးမယ့် ဇန်နဝါရီ ၁၀ ရက်နေ့မှာ ပူတင်နဲ့ တွေ့ဆုံဖို့ရှိလားလို့ ဘိုင်ဒန်ကိုမေးမြန်းရာမှာ အဲဒီနေ့မှာတော့ အစည်းအဝေးပွဲကို တက်ရောက်မှာမဟုတ်သလို ပူတင်နဲ့လည်း တွေ့ဆုံမှာမဟုတ်ဘူးလို့ တာဝန်ရှိသူတစ်ဦးက ဆိုပါတယ်။

 

ဘိုင်ဒန်နဲ့ပူတင်တို့ရဲ့ ဆွေးနွေးမှုမှာ အခြားအကြောင်းအရာတွေအပြင် အီရန်နဲ့ နျူကလီးယားအစီအစဉ်ကိုလည်း ဆက်လက်ဆွေးနွေးဖို့တွေပါ ပါဝင်လာနိုင်ဖွယ်ရှိပါတယ်။

 

Source: Reuters

#Yangon_Media_Group