#World_Health

Published  - 30 December 2021

ကိုဗစ်ရောဂါကိုဖြစ်ပွားစေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဟာ အသက်ရှူလမ်းကြောင်းမှတဆင့် ခန္ဓာကိုယ်ရှိ နှလုံး၊ ဦးနှောက်နဲ့ အတွင်းအင်္ဂါအများစုဆီကို ရက်ပိုင်းအတွင်းပျံ့နှံ့ ရောက်ရှိသွားပြီး လအတန်ကြာတဲ့အထိ ဆက်လက်တည်ရှိနိုင်ကြောင်း တွေ့ရှိချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ခန္ဓာကိုယ်နဲ့ ဦးနှောက်အတွင်း SARS-CoV-2 ဗိုင်းရပ်စ် ပျံ့နှံတည်ရှိပုံကို ဆန်းစစ်လေ့လာပြီးဖော်ပြရာမှာ အဆိုပါရောဂါပိုးဟာ အသက်ရှူလမ်းကြောင်းအပြင် လူသားဆဲလ်တွေကိုလည်း ကောင်းစွာပုံတူပွားနိုင်ကြောင်း အမေရိကန်အမျိုးသားကျန်းမာရေးအဖွဲ့ မှ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။

Nature ဂျာနယ်တွင် စနေနေ့ကဖော်ပြထားတဲ့ စာမူပါ အချက်အလက်တွေအရ ဗိုင်းရပ်စ်ရှင်းလင်းဖို့  ကြန့်ကြာနေတာကြောင့် ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရမှုတွေ ဖြစ်ပေါ်လာနိုင်ကြောင်း တွေ့ရှိရပါတယ်။

ဗိုင်းရပ်စ်တည်ရှိပုံဖြစ်စဉ်နဲ့ ခန္ဓာကိုယ်တုန့်ပြန်မှုကို သိရှိနားလည်ခြင်းဖြင့် နောက်ဆက်တွဲလက္ခဏာခံစားနေရသူများကို စောင့်ရှောက်ကုသပေးနိုင်မှာဖြစ်ပါတယ်။"ခန္ဓာကိုယ်အတွင်းအင်္ဂါတွေမှာ ဘာလို့ ကိုဗစ်နောက်ဆက်တွဲဆိုးကျိုးတွေ တွေ့နေတာလဲဆိုပြီး ကျွန်တော်တို့စဉ်းစားနေခဲ့ကြတာပါ။ ဒီတွေ့ရှိချက်ကြောင့် ရောဂါ အပျော့စား ဒါမှမဟုတ် ရောဂါလက္ခဏာမပေါ်တဲ့ သူတွေမှာတောင် ဘာလို ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေ တွေ့ရသလဲဆိုတာကို သိနိုင်တော့မှာပါ" လို့ စိန့်လူးဝစ်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့မှ ဇီယက်အယ်လ်အလီက ဆိုပါတယ်။

ဒီတွေ့ရှိချက်တွေက အနယ်နယ်အရပ်ရပ်မှ သိပ္ပံပညာရှင်တွေ သုံးသပ်ထားခြင်းမရှိသေးသလို တွေ့ရှိချက်အများစုကလည်း ကိုဗစ်နောက်ဆက်တွဲလက္ခဏာခံစားရသူတွေကနေ စမ်းသပ်စစ်ဆေးထားတာမဟုတ်ဘဲ ကိုဗစ်ကြောင့်အသက်သေဆုံးခဲ့သူတွေကိုသာ စစ်ဆေးခဲ့ကြတာဖြစ်ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က အသက်ရှူလမ်းကြောင်းနဲ့ အဆုတ်အပြင်ဘက်က ဆဲလ်တွေကို အပြိုင်အဆိုင်ကူးစက်စေပါတယ်။ဒီလေ့လာမှုတွေကို ကိုဗစ်ကပ်ရောဂါပထမနှစ်အတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီး သေဆုံးသွားခဲ့တဲ့လူနာ ၄၄ ဦးရဲ့ ခွဲခြမ်းစိတ်ဖြာမှုရလာဒ်တွေအပေါ် အခြေခံထားတာဖြစ်ပါတယ်။

ဦးနှောက်အပါအဝင် ခန္ဓာကိုယ်အနှံ့ အပြားမှာ ရောဂါလက္ခဏာပေါ်ပြီး ရက်ပေါင်း ၂၃၀ လောက်အထိ SARS-CoV-2 ဗိုင်းရပ်စ် RNA တွေကို တွေ့ရှိခဲ့ကြပါတယ်။
လာမယ့်နှစ်တွေမှာ ဘယ်လိုနာတာရှည်ရောဂါမျိုးတွေ့ရမလဲဆိုတာ မသိကြရသေးပါဘူး။
ဗိုင်းရပ်စ်ပမာဏကိုသိရဖို့ တစ်ရှူးထိန်းသိမ်းစောင့်ကြည့်ခြင်းတွေ ပြုလုပ်နေပြီး ကိုဗစ်ရောဂါကို ပထမအပတ်အတွင်းခံစားနေရတဲ့လူနာတွေရဲ့ အဆုတ်၊ နှလုံး၊ အူသိမ်၊ အက်ဒရီနယ်ဂလန်းတို့ မှ တစ်ရှူးတွေမှာရှိတဲ့ ဗိုင်းရပ်စ်တွေကိုလည်း ပွားများလာအောင် ပြုလုပ်ထားပါတယ်။
Source: Bloomberg

 

#Yangon_Media_Group