#World_Politics
Published  - 29 December 2021


ဥရောပအရှေ့ဘက်သို့  နေတိုး(NATO) တပ်ဖွဲ့ဝင်များ တိုးချဲ့ဝင်ရောက်လာမှုကို ရပ်ဆိုင်းဖို့ ရုရှားတို့က တောင်းဆိုလိုက်ပြီးနောက် ဥရောပလုံခြုံရေးကိစ္စနဲ့ ကူကရိန်းအရေးကိစ္စတို့နဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ရုရှားတို့က ဇန်နဝါရီလအစောပိုင်းမှာ တွေ့ဆုံဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၁၀ ရက်နေ့မှာ ရုရှားနဲ့တွေ့ဆုံဆွေးနွေးသွားမှာဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက AFP သတင်းဌာနကို တနင်္လာနေ့က ပြောကြားလိုက်ပါတယ်။

ရုရှားဒုတိယနိုင်ငံခြားဝန်ကြီး ဆာဂျီရက်ကော့ဗ်ကလည်း အဲဒီရက်စွဲကို အတည်ပြုလိုက်ပြီး ဂျီနီဗာမှာ တွေ့ဆုံဆွေးနွေးမယ်လို့ ပြောကြားလိုက်ပါတယ်။အမေရိကန်သမ္မတဂျိုးဘိုင်ဒန်နဲ့ ရုရှားသမ္မတဗလာဒီမီယာပူတင်တို့ဟာ ဇွန်လက ဂျီနီဗာမြို့မှာ ပထမဆုံးအကြိမ်တွေ့ဆုံခဲ့ကြပါတယ်။

အမေရိကန်တို့နဲ့ နေတိုးတပ်ဖွဲ့တွေဟာ ရုရှားနယ်နိမိတ်နားကို အန္တရာယ်ပေးနိုင်လောက်သည်အထိ ချဉ်းကပ်လာနေကြောင်း ရုရှား ကရမ်မလင်နန်းတော်မှ အခိုင်အမာပြောကြားထားပါတယ်။

ရုရှားတို့က ယခုလအစောပိုင်းမှာ အမေရိကန်နဲ့အဖွဲ့ အား လုံခြုံရေးကိစ္စရပ်များ တောင်းဆိုထားပြီး နေတိုးတပ်ဖွဲ့ များအနေနဲ့ နောက်ထပ်အဖွဲ့ဝင်တွေ ထပ်မထည့်ဖို့ ၊ အရင်ဆိုဗီယက်နိုင်ငံဟောင်း ယူကရိန်းမှာ အမေရိကန်အနေနဲ့ အခြေစိုက်စခန်းအသစ်တွေ ထပ်မံမဆောက်လုပ်ဖို့  ပြောကြားသွားပါတယ်။

အမေရိကန်အနေနဲ့ ရုရှားတို့နဲ့ ပြောဆိုဆက်ဆံသွားဖို့ မျှော်လင့်နေပါတယ်လို့ အမျိုးသားလုံခြုံရေးကောင်စီမှ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။"ကျွန်တော်တို့ တွေ့ဆုံဆွေးနွေးမယ်ဆိုရင် ရုရှားကလည်း သူတိုစိုးရိမ်ရတဲ့အချက်အလက်တွေကို တင်ပြနိုင်သလို ကျွန်တော်တို့ကလည်း ရုရှားရဲ့အပြုအမူတွေနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေကို တင်ပြသွားမှာပါ"
ရုရှားနဲ့ နေတိုးတပ်ဖွဲ့ကိုယ်စားလှယ်တို့က ဇန်နဝါရီ ၁၂ ရက်နေ့မှာ တွေ့ဆုံဆွေးနွေးဖို့ မျှော်မှန်းထားကြပြီး နောက်နေ့မှာ ရုရှားနဲ့ အမေရိကန်တို့ အပါအဝင် ဥရောပလုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့အစည်း (OSCE)ဟာ နိုင်ငံရေးတင်းမာမှုတွေကို ကိုင်တွယ်ဖြေရှင်းသွားမှာဖြစ်ပါတယ်။

နှစ်သစ်ကူးပြီးတဲ့အခါ OSCE အဖွဲ့ကို ဦးဆောင်မယ့် ပိုလန်နိုင်ငံခြားရေးဝန်ကြီးဇဘစ်နယူရောက်က အစည်းအဝေးပွဲမှာ ပြောကြားသွားမှာပါတယ်။ရုရှားတို့ က ယူကရိန်းနယ်စပ်နားမှာ စစ်အင်အားအများအပြားချထားခြင်းအပေါ် အမေရိကန်တို့က စွပ်စွဲပြောကြားလိုက်တဲ့အခါမှာ နိုင်ငံရေးတင်းမာမှုများမြင့်တက်လာပြီးနောက် တွေ့ဆုံဆွေးနွေးဖို့ စီစဉ်လာကြတာဖြစ်ပါတယ်။

"ဒီတွေ့ဆုံဆွေးနွေးပွဲက အပိုစကားတွေပြောနေမှာမဟုတ်ပါဘူး။ တိကျခိုင်မာတဲ့ အဆိုပြုချက်တွေ တင်ပြမယ်။ အဲဒီအဆိုပြုချက်က အားလုံးအတွက်အကျိုးရှိစေမယ့် အဆိုပြုချက်ဖြစ်ရပါမယ်" လို့ ရုရှားလက်ထောက်သံတမန် ဒီမီထရီပိုလီယန်စကီက သတင်းထောက်တွေကို ပြောကြားသွားပါတယ်။

ယူကရိန်းနိုင်ငံက ရုရှားရဲ့သြဇာလွှမ်းမိုးမှုအောက်မှ ခွဲထွက်နိုင်ရန်ကြိုးပမ်းနေပြီး နေတိုးမဟာမိတ်အဖွဲ့ထဲ ဝင်ရောက်နေတာဖြစ်ပါတယ်။သောင်းနဲ့ချီတဲ့ ရုရှားတပ်ဖွဲ့တွေကို နယ်စပ်မှာထားရှိထားခြင်းက ယူကရိန်းမြေကို ထပ်မံကျူးကျော်မှာကို စိုးရိမ်နေရပြီး အနောက်နိုင်ငံတွေနဲ့ စစ်ပွဲတွေဖြစ်လာမှာကို ယူကရိန်းက စိုးရိမ်နေပါတယ်။

ရုရှားသမ္မတပူတင်ကတော့ သူတို့ရဲ့အိမ်နီးချင်းယူကရိန်းကို တိုက်ခိုက်ဖို့စီစဉ်နေတာမဟုတ်ဘဲ အနောက်ပိုင်းမှ စစ်တပ်တွေ ချဉ်းကပ်လာမှုကို ကာကွယ်ဖို့သာဖြစ်ကြောင်း တုန့်ပြန်ပြောဆိုလိုက်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကိုကျူးကျော်လာပါက ပြင်းထန်တဲ့ စီးပွားရေးပိတ်ဆို့အရေးယူမှု ပြုလုပ်သွားမယ်လို့ အမေရိကန်နဲ့ ဥရောပမဟာမိတ်အဖွဲ့ဝင်တွေက ရုရှားကို ခြိမ်းခြောက်ထားသလို စေ့စပ်ညှိနှိင်းမှုတွေပြုလုပ်ဖို့လည်း ကမ်းလှမ်းထားပါတယ်။ဇန်နဝါရီ ၁၀ ရက်နေ့မှာ နှစ်နိုင်ငံဖက်မှ ဘယ်သူတွေတက်ရောက်မလဲဆိုတာကိုတော့ မသိရသေးပါဘူး။

Source: CNA