#World Health
Published -  28 December 2021

ဘာရက်ဘိုင်အိုတက်ခ်ကုမ္ပဏီမှ ထုတ်လုပ်တဲ့ ကိုဗက်ဇင်း(Covaxin) ကိုဗစ်ကာကွယ်ဆေးကို အသက် ၁၂ နှစ်မှ ၁၈ နှစ်ကြားကလေးတွေမှာ ထိုးနှံခွင့်ပြုလုပ်လိုက်ပြီကြောင်း တွစ်တာမှာ ဖော်ပြထားပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကစပြီး အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားအရွယ်တွေမှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံနိုင်မှာဖြစ်ကြောင်း အိန္ဒိယဝန်ကြီးချုပ်နရန်ဒရာမိုဒီက မိန့်ခွန်းပြောကြားလိုက်ပါတယ်။

အိုမီခရွန်မျိုးဗီဇကွဲပျံ့နှံ့နေတာကြောင့် ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ရှေ့တန်းမှာအလုပ်လုပ်နေတဲ့ အလုပ်သမားတွေကို ဇန်နဝါရီ ၁၀ ရက်နေ့ကစပြီး booster အားမြှင့်ကာကွယ်ဆေး ထိုးနှံသွားဖို့ ဝန်ကြီးချုပ်မိုဒီက စနေနေ့က ညွှန်ကြားလိုက်ပါတယ်။

ဇန်နဝါရီ ၃ ရက်ကစပြီး အသက် ၁၅ နှစ်မှ ၁၈ နှစ်ကြားလူငယ်တွေမှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံဖို့နဲ့ ဆရာဝန်များထံမှ အကြံပြုထောက်ခံချက်ရရှိပြီးပါက ရောဂါဖြစ်လွယ်တဲ့ အသက် ၆၀ အထက်လူကြီးတွေမှာ booster အားမြှင့်ကာကွယ်ဆေးထိုးနှံဖို့ မိုဒီက မိန့်ခွန်းပြောကြားလိုက်ပါတယ်။

"ကြိုတင်ကာကွယ်တဲ့အနေနဲ့ ကျန်းမာရေးဝန်ထမ်းတွေမှာ ကာကွယ်ဆေးထပ်မံထိုးနှံဖို့ အစိုးရက ဆုံးဖြတ်ခဲ့ပါတယ်"လို့ ပြောကြားသွားပါတယ်။အိန္ဒိယနိုင်ငံအတွင်း အိုမီခရွန်မျိုးဗီဇကွဲ အလျင်အမြန်ပျံ့ပွားလျက်ရှိပြီး ပြည်နယ် ၁၇ ခုမှာ ကူးစက်မှုပေါင်း ၄၁၅ ဦး ရှိနေပါတယ်။

အစိုးရအဖွဲ့က ကိုဗစ်ကာကွယ်ဆေးထိုးနှံရေးကို အရှိန်မြှင့်လုပ်ဆောင်လျက်ရှိပြီး ကာကွယ်ဆေး ၁ ကြိမ်ထိုးပြီးသူ ၈၈ ရာခိုင်နှုန်းရှိကာ ကာကွယ်ဆေး ၂ ကြိမ်ထိုးပြီးသူ ၆၁ ရာခိုင်နှုန်းရောက်ရှိသွားပါပြီ။ဒုတိယအကြိမ်ကာကွယ်ဆေးထိုးနှံရမယ့်သူတွေ သန်းပေါင်းများစွာရှိနေပေမယ့်လည်း ကိုဗစ် Second wave တုန်းက ကူးစက်မှုများပြီး လူသောင်းဂဏန်းလောက် အသက်ဆုံးခဲ့ရတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို booster အားမြှင့်ကာကွယ်ဆေးထိုးပေးဖို့ စီစဉ်လာတာဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံအနေနဲ့ ကာကွယ်ဆေးထိုးနှံမယ့်အစီအစဉ်ကို ဒီထက် ၂ ဆမြှင့်တင်ဖို့လိုအပ်ပြီး ကျန်းမာရေးစောင့်ရှောက်မှုအားနည်းတဲ့ နေရာတွေမှာ ထိရောက်တဲ့ ကာကွယ်ဆေးအစီအစဉ်ချမှတ်ဖို့ လိုအပ်ကြောင်း ဆေးပညာကျွမ်းကျင်သူတွေက ဆိုပါတယ်။
နှာခေါင်းစည်းတပ်ဆင်ပြီး ကိုဗစ်ထိန်းသိမ်းရေး ညွှန်ကြားချက်တွေကို လိုက်နာဖို့ မိုဒီက တိုက်တွန်းလိုက်ပါတယ်။
Source: Reuters