Published 26 December 2021

တောင်အာဖရိကမှာ လူဖြူလူနည်းစု အုပ်စိုးတာကိုဆန့်ကျင်ခဲ့တဲ့ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန် တူးတူးဟာ ယနေ့ ဒီဇင်ဘာ ၂၆ရက် တနင်္ဂနွေနေ့မှာ ကွယ်လွန်သွားတယ်လို့ သမ္မတရုံးက ပြောပါတယ်။ သူဟာ သေဆုံးချိန်မှာ အသက်၉၀ အရွယ်ရှိပါပြီ။

တူးတူးဟာ အသားအရောင်ခွဲခြားမှုကို အကြမ်းမဖက်ဆန့်ကျင်ခဲ့တဲ့အတွက် ၁၉၈၄ခုနှစ်မှာ နိုဘယ်ငြိမ်းချမ်းရေးဆု ရရှိခဲ့ပါတယ်။ဆယ်စုနှစ်တစ်စုအကြာမှာ အဲဒီအစိုးရနိဂုံးချုပ်သွားတာကို သူမြင်တွေ့ခဲ့ရပြီး သစ္စာတရားနှင့်   ပြန်လည် သင့်မြတ်ရေးကော်မရှင်မှာ သူဟာ ဥက္ကဋ္ဌအဖြစ်ဆောင်ရွက်ခဲ့ပါတယ်။ အမှောင်ကျတဲ့နေရက်တွေအတွင်း ကျူးလွန်ခဲ့ကြတဲ့ ရက်စက်မှုတွေကို ပြန်လည်ဖော်ထုတ်ခဲ့ပါတယ်။

စကားကိုဒဲ့ဒိုးပြောတတ်တဲ့ ဒက်စမွန်တူတူဟာ  နိုင်ငံရဲ့ လိပ်ပြာဝိညဉ်အဖြစ် လူဖြူရော လူမည်းတွေကပါ သတ်မှတ်ထားခြင်း ခံရပါတယ်။သူဟာ အုပ်စုတွေကွဲနေတဲ့ နိုင်ငံမှာ ပြန်လည်သင့်မြတ်ရေးအပေါ် သူ့ရဲ့ယုံကြည်မှုနှင့် စိတ်ဓာတ်တွေကို မယိုင်မလဲရှိနေခဲ့ တဲ့ သက်သေပြယုဒ်တစ်ခုလည်းဖြစ်ပါတယ်။

၁၉၉၀ပြည့်လွန်နှစ်တွေရဲ့ နှောင်းပိုင်းမှာသူဟာ ပရော့စတိတ်ကင်ဆာခံစားခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း ကင်ဆာကုသမှုနှင့်ဆက်စပ်တဲ့ ရောဂါကူးစက်မှုတွေကို ကုသခံဖို့ ဆေးရုံကို ကြိမ်ဖန်များစွာတက်ရောက်ခဲ့ရပါတယ်။

“ ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဒက်စမွန်တူးတူး ကွယ်လွန်ခဲ့ခြင်းဟာ လွတ်လပ်တဲ့ တောင်အာဖရိကနိုင်ငံတစ်ခု ကျွန်တော်တို့ကို ပေးအပ်ခဲ့တဲ့ ထူးချွန်ထက်မြက်တဲ့ တောင်အာဖရိကမျိုးဆက်ကြီးတစ်ခုကို နိုင်ငံက နှုတ်ဆက်ခွဲခွဲရတဲ့ ပူဆွေးသောကဖြစ်ရမှု နောက်ထပ်တစ်ခုဖြစ်ပါတယ်” လို့ သမ္မတ ဆိုင်ရီရာမာဖိုဆာက ပြောပါတယ်။

“ ဒက်စမွန်တူးတူးဟာ သူမတူတဲ့ မျိုးချစ်တစ်ဦးဖြစ်တယ်” လို့ သူကဆက်ပြောပါတယ်။

သူသေဆုံးရတဲ့အကြောင်းရင်းကိုတော့ သမ္မတရုံးက မပြောပါဘူး။

သူဟာ အသက်၉၀အရွယ်မှာ ကိတ်တောင်းက Oasis Frail Care Centre မှာ ဒီမနက်ကွယ်လွန်ခဲ့ပါတယ်” လို့ ဒက်စမွန်တူးတူး IP Trust ရဲ့ယာယီဥက္ကဋ္ဌနှင့် သူ့ရုံးရဲ့ ပေါင်းစပ်ညှိနှိုင်းရေးမှူး ဒေါက်တာရမ်ဖီလာမမ်ဖီလီက တူးတူးရဲ့မိသားစုကိုယ်စား ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

Source Reuters