#WorldPolitics

Published  - 22 December 2021

ယူကရိန်း-ရုရှားအရေးကိစ္စနဲ့ ပတ်သက်ပြီး အမေရိကန်နဲ့ ရုရှားတို့ မလွှဲမရှောင်သာ ထိပ်တိုက်တွေ့ဆုံဖွယ်ရှိနေကြရာ ရုရှားဘက်က နောက်ဆုတ်ပေးစရာအကြောင်းမရှိဘူးလို့ ရုရှားသမ္မတ ဗလာဒီမီယာပူတင်က အင်္ဂါနေ့က ပြောကြားလိုက်ပါတယ်။

အမေရိကန်အနေနဲ့ ဆက်ပြီးတော့ ဝင်ရောက်စွက်ဖက်နေပါကပြင်းပြင်းထန်ထန် တုန့်ပြန်ရလိမ့်မယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့အပတ်က ရုရှားက အမေရိကန်နဲ့ NATO တပ်ဖွဲ့များထံ လုံခြုံရေးကိစ္စအဆိုပြုချက်များ ညှိနှိုင်းတောင်းဆိုခဲ့ပါတယ်။

သူတို့ရဲ့ တောင်းဆိုအဆိုပြုချက်များကို အမေရိကန်နဲ့ NATO တပ်ဖွဲ့များအနေနဲ့ အမြန်ဆုံးတုန့်ပြန်ဖြေကြားပေးဖို့ ရုရှားက ဖိအားပေးတောင်းဆိုထားကြောင်း ပူတင်က စစ်အစိုးရတာဝန်ရှိသူများကို မိန့်ခွန်းပြောကြားခဲ့ပါတယ်။
"ကျုပ်တိုရဲ့ အိမ်နီးချင်းနိုင်ငံယူကရိန်းနားမှာ အမေရိကန်က ဝင်ရောက်စွက်ဖက်နေတာပါ။ အဲဒီတော့ ကျုပ်တို့ကလည်း နောက်ဆုတ်စရာမလိုပါဘူး။ ကျုပ်တို့ဘာမှမလုပ်ဘဲ ထိုင်ကြည့်နေမယ်လို့ သူတို့ထင်နေတာလား" လို့ ပူတင်က ပြောသွားပါတယ်။

"အမေရိကန်နဲ့အဖွဲ့တွေက ဆက်ပြီးစွက်ဖက်နေဦးမယ်ဆိုရင် စစ်ရေးအရ တုန့်ပြန်ပြင်ဆင်မှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်" လို့ ဆိုပါတယ်။ဘယ်လောက်အတိုင်းအတာအထိ တုန့်ပြန်ပြင်ဆင်မှုတွေ ပြုလုပ်မယ်ဆိုတာကိုတော့ ပူတင်က အတိအကျ မဖော်ပြသွားပါဘူး။

NATO တပ်ဖွဲ့တွေ စစ်ရေးပြင်ဆင်နေတဲ့ပုံစံအတိုင်း ရုရှားကလည်း ဥရောပမှာ တာလတ်ပစ်နျူကလီးယားဒုံးကျည်တွေကို နေရာချသွားဖွယ်ရှိကြောင်း ရုရှားနိုင်ငံခြားရေးဒုဝန်ကြီး ဆာဂျီရက်ကော့ဗ်က ပြောကြားထားပါတယ်။

ပြီးခဲ့တဲ့လက ယူကရိန်းနိုင်ငံနယ်စပ်နားမှာ ရုရှားစစ်သည်အင်အား သောင်းဂဏန်းခန့် ချထားကာ ယူကရိန်းကို ကျူးကျော်ဖိုပြင်ဆင်နေတယ်ဆိုတဲ့ စွပ်စွဲပြောဆိုချက်တွေကို ရုရှားက ငြင်းဆန်ထားပါတယ်။

ဥရောပအရှေ့ဘက်မှာ NATO တပ်ဖွဲ့တွေ ဝင်ရောက်လာခြင်းမရှိစေရန် ရုရှားက အမေရိကန်ထံမှ ကတိပေးချက်ကို အလိုရှိနေပါတယ်။ယူကရိန်းနဲ့ အမေရိကန်တို့ကြား ပူးပေါင်းရေးအခြေအနေ တိုးတက်လာမှုနဲ့ ယူကရိန်းနယ်မြေဘက်ကနေ ရုရှားဘက်ကို ပစ်မှတ်ထားတဲ့ NATO အဖွဲ့ရဲ့ ဒုံးကျည်ပြင်ဆင်မှုတွေက ရုရှားနိုင်ငံရဲ့ လုံခြုံရေးကို ခြိမ်းခြောက်နေသလိုဖြစ်နေပါတယ်။

ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီက ရုရှားနဲ့ တိုက်ရိုက်ပြောဆိုဖို့ အဆင်သင့်ဖြစ်နေကြောင်း သောကြာနေ့က ပြောခဲ့ပေမယ့် ရုရှားဘက်ကတော့ ဘာအကြောင်းအရာကို ဆွေးနွေးမယ်မှန်း သေချာမသိရဘဲ မတွေ့ဆုံနိုင်ကြောင်း တုန့်ပြန်လိုက်ပါတယ်။

သမ္မတနှစ်ဦး လူချင်းတွေ့ဆွေးနွေးပွဲ ပြုလုပ်နိုင်မယ်ဆိုရင် နိုင်ငံအချင်းချင်းတင်းမာမှုတွေ လျော့ကျသွားနိုင်မလားလို့ မေးမြန်းခဲ့ကြရာ ဘိုင်ဒန်နဲ့ ပူတင်တို့ လူချင်းတွေ့ဆွေးနွေးဖို့က အခုလောလောဆယ်တော့ မဖြစ်နိုင်သေးကြောင်း၊ သံတမန်ရေးတိုးတက်မှုရှိလားမလား ဆိုတာကို စောင့်ကြည့်သွားရမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကန်က အင်္ဂါနေ့ကပြောပါတယ်။

အရှေ့ဥရောပမှာ အမေရိကန်နဲ့အဖွဲ့ဝင်တွေ နောက်ဆုတ်ဖို့ကိစ္စအပါအဝင် ရုရှားရဲ့တောင်းဆိုချက်တွေက လက်ခံနိုင်စရာမရှိဘူးလို့ အမေရိကန်နဲ့ အပေါင်းအပါနိုင်ငံတွေက ယူဆထားကြပါတယ်။

ဒါပေမဲ့ သူတို့ရဲ့အဆိုပြုချက်တွေကို လက်လွတ်စပယ် ငြင်းဆန်လိုက်ပါက နောက်ထပ်ဆွေးနွေးစရာစကားမရှိတော့ဘဲ အခြေအနေတွေ ပိုမိုဆိုးရွားလာမှာဖြစ်ပါတယ်။
Source: Reuters