#WorldTech

Published -  22  December 2021


တာဒီရန်ကုမ္ပဏီက အသစ်တီထွင်ထားတဲ့ Air Care O2 လေသန့်စင်စနစ်ကို အလုံပိတ်အခန်းကျဉ်းထဲမှာဖွင့်ထားပါက လေထဲက ကိုရိုနာဗိုင်းရပ်စ်တွေကို ၉၉.၉၉ ရာခိုင်နှုန်းအထိ လျှော့ချပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့တယ်လို့ ကြေညာလိုက်ပါတယ်။

မိနစ် ၃၀ ဖွင့်ထားပါက လေထဲကဗိုင်းရပ်စ်ကို ၈၇.၉ ရာခိုင်နှုန်းလျှော့ချနိုင်ကြောင်း၊ မိနစ် ၆၀ ဖွင့်ထားပါက ၉၉.၈ ရာခိုင်နှုန်း၊ မိနစ် ၉၀ ကျော်ဖွင့်ထားပါက ၉၉.၉၉ ရာခိုင်နှုန်း လျှော့ချနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပါတယ်။

စမ်းသပ်ချက်တွေအရ Air Care O2 နည်းပညာက အလုံပိတ်အခန်းထဲမှာ ကိုရိုနာဗိုင်းရပ်အပါအဝင် အခြားဗိုင်းရပ်စ်တွေနဲ့ ဘက်တီးရီးယားပမာဏကို လျှော့ချနိုင်ပြီး အထိရောက်ဆုံး လေသန့်စင်မှုကို ပြုလုပ်ပေးနိုင်မယ်လို့ ကုမ္ပဏီကယုံကြည်ထားပါတယ်။

လွန်ခဲ့တဲ့ ၃ နှစ်က လေသန့်စင်တဲ့စနစ်ကို တာဒီရန်မှာ စတင်ထုတ်လုပ်ပြီး လေသန့်စင်နိုင်တဲ့ နည်းပညာအသစ်တွေကို တီထွင်ထုတ်လုပ်ဖို့ ရည်ရွယ်ခဲ့တာဖြစ်ပါတယ်။

သူတို့ရဲ့ လေသန့်စင်တဲ့စနစ်က မှို ဘက်တီးရီးယား ဗိုင်းရပ်စ်တို့ကို ဖယ်ရှားပေးပြီး လေကို ထိရောက်စွာသန့်စင်ပေးနိုင်ကြောင်း စမ်းသပ်တွေ့ရှိခဲ့ပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကိုပါ ထိထိရောက်ရောက် ဖယ်ရှားနိုင်မယ့် နည်းပညာကို အဆင့်မြှင့်တီထွင်ခဲ့တာဖြစ်ပါတယ်။

Air Care O2 စက်ကို လေအေးပေးစက်ရဲ့စနစ်မှာ တပ်ဆင်နိုင်ပါတယ်။
အသက်ရှူလမ်းကြောင်းမှတဆင့် ခန္ဓာကိုယ်ထဲ ဝင်ရောက်နိုင်တဲ့ ဗိုင်းရပ်စ် ဘက်တီးရီးယား မှိုတို့အပါအဝင် မမြင်နိုင်တဲ့ အမှုန်အမွှားတွေကို ဖယ်ရှားပြီး လေသန့်စင်ပေးတဲ့စနစ်ဖြစ်ပါတယ်။

ကုမ္ပဏီအနေနဲ့ နိုင်ငံတကာဈေးကွက်မှာ အမှတ်တံဆိပ် အသိအမှတ်ပြုတင်သွင်းဖို့ ဆောင်ရွက်နေပြီဖြစ်ပါတယ်။"အစ္စရေးလ်က တီထွင်ထုတ်လုပ်လိုက်တဲ့ နည်းပညာရဲ့ ထိရောက်မှုကို စမ်းသပ်ဖို့ အကြံပေးတစ်ယောက်အနေနဲ့ ပါဝင်ခွင့်ရတာ အလွန်ကျေနပ်မိပါတယ်" လို့ ဘန်ဂူရီယန်တက္ကသိုလ်မှ ပရော်ဖက်ဆာအရီယယ်ကူရှ်မယ်ရိုက ဆိုပါတယ်။

Air Care O2 စနစ်က အခန်းတွင်းလေထုထဲရှိ စိုထိုင်းမှုကို ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်အဖြစ် ပြောင်းလဲလိုက်ပြီး လာထိတွေ့မိတဲ့ ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်တွေကို ဖယ်ရှားပစ်တာဖြစ်ကြောင်း ရှင်းပြထားပါတယ်။

ဒါ့အပြင် Air Care O2 လေသန့်စင်စနစ်က အသုံးပြုနေတဲ့ကာလတလျှောက် ပြင်ဆင်ထိန်းသိမ်းဖို့ မလိုတာကြောင့် အခြားလေသန့်စင်စက်တွေနဲ့ ယှဉ်ရင် ကုန်ကျစရိတ်လည်း များစွာသက်သာမှာဖြစ်ပါတယ်။

"Air Care O2 စနစ်ကို လေအေးပေးစက်တွေမှာ အလွယ်တကူတပ်ဆင်နိုင်ကာ ကျွန်တော်တို့ရှူလိုက်တဲ့လေကို သန့်စင်ပေးပြီး ကိုရိုနာဗိုင်းရပ်စ်၊ ဘက်တီးရီးယားနဲ့ အခြားဗိုင်းရပ်စ်တွေကိုပါ ထိရောက်စွာဖယ်ရှားနိုင်မယ်လို့ ယုံကြည်ထားပါတယ်" လို့ တာဒီရန်မှ အမှုဆောင်အရာရှိချုပ် မိုရှီမမ်ရုဒ်က ပြောကြားလိုက်ပါတယ်။
Source: The Jerusalem Post