#WorldCrime

Published - 18 December 2021

ဂျပန်နိုင်ငံ အိုဆာကာမြို့ရှိ စိတ်ရောဂါကုဆေးခန်းတစ်ခုမှာ မီးလောင်မှုကြီးဖြစ်ပွားခဲ့ကာ လူ ၂၄ ဦးသေဆုံးခဲ့ပြီး ဒီမီးလောင်မှုအတွက် သံသယရှိတဲ့လူဟာလည်း အသက်အန္တရာယ် စိုးရိမ်ရဖွယ်ရှိကြောင်း ဒီဇင်ဘာ ၁၈ ရက်နေ့မှာ သတင်းကြေညာထားပါတယ်။
အဲဒီလူဟာ အသက် ၆၁ နှစ်ရှိပြီဖြစ်ကာ အရင်က အိုဆာကာကဆေးခန်းမှာ ဆေးကုသမှုခံယူခဲ့ဖူးသူဖြစ်ပြီး ဆေးရုံမှာလည်း ကုသမှုခံနေရသူဖြစ်ကြောင်း ရဲအရာရှိတွေရဲ့ ပြောကြားချက်ကို NHK သတင်းဌာနက ဖော်ပြသွားပါတယ်။

သောကြာနေ့မနက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး နာရီဝက်ခန့်ကြာအောင် လောင်ကျွမ်းခဲ့ပါတယ်။အထွေထွေရောဂါ စောင့်ရှောက်ကုသမှုလည်းပေးတဲ့ အဆိုပါတိုက်ခန်းကျဉ်းဆေးခန်းရဲ့ ၄ လွှာမှာ မီးလောင်ကျွမ်းလှိုက်စားသွားခဲ့ပါတယ်။
ဆေးခန်းမှာမီးလောင်ကျွမ်းမှု မဖြစ်ခင် မိနစ် ၃၀ က သံသယရှိသူရဲ့အိမ်မှာလည်း အနည်းငယ်မီးလောင်မှုဖြစ်ပွားခဲ့တာကြောင့် ရဲတွေက ဒီဖြစ်ရပ် ၂ ခုကို ဆက်စပ်စုံစမ်းနေကြပါတယ်။

မြို့တော်မီးသတ်ဌာနအဖွဲ့မှ အရာရှိတစ်ဦးက ဆေးခန်းမီးလောင်မှုကြောင့် သေဆုံးသူဦးရေကို အတည်ပြုခဲ့ပြီး ဒါဟာ ရှို့မီးကြောင့်ဖြစ်နိုင်တယ်လို့ ရဲတွေကို တိုင်ကြားသူတွေ ရှိပါတယ်။

"စုစုပေါင်း ၂၄ ဦးသေဆုံးပြီး ၄ ယောက်ဒဏ်ရာရရှိခဲ့ပါတယ်။ သူတို့ရဲ့အခြေအနေ စိုးရိမ်ရလားဆိုတာတော့ သေချာမသိရသေးပါဘူး" လို့ မီးသတ်ဌာနအရာရှိက AFP သတင်းဌာနကို ပြောကြားသွားပါတယ်။

မီးလောင်စဉ် ထွက်ပေါက်ပိတ်ဆိုနေမှုကြောင့် ဆေးခန်းထဲမှာ ပိတ်မိနေသူတွေက ကာဘွန်မိုနောက်ဆိုဒ်အဆိပ်တွေ ရှူမိခဲ့ကြတာဖြစ်မယ်လို့ မီဒီယာတွေက သုံးသပ်နေကြပါတယ်။
ူလူတစ်ယောက်က မီးလောင်စေနိုင်တဲ့အရည်တွေ ထည့်ထားတဲ့စက္ကူအိတ်ကို အပူပေးစက်ဘေးမှာချလိုက်ပြီး ကန်ချလိုက်တာကြောင့် မီးစလောင်ခဲ့တာကို လူနာအချို့က တွေ့ခဲ့ကြကြောင်း သတင်းမှာဖော်ပြထားပါတယ်။

ဒီဆေးခန်းကိုဖွင့်ထားတဲ့ ဆရာဝန်တစ်ဦးရဲ့အဖေက သေဆုံးသူတွေထဲမှာ သူ့သားပါဝင်သလားဆိုတာကိုတောင် မသိရသေးပါဘူး။"ကျွန်တော့်သား ဘေးကင်းပြီးအသက်ရှင်နေပါစေလို့ပဲ မျှော်လင့်ပါတယ်" လို့ ဖြေကြားသွားပါတယ်။

သူ့သားဆရာဝန်က အလုပ်လက်မဲ့အာမခံကြေးအတွက် ထောက်ခံချက်လက်မှတ်လိုချင်နေတဲ့ လူနာတွေနဲ့ အလုပ်ရှုပ်နေခဲ့တယ်လို့ အဖေဖြစ်သူက ထည့်သွင်းပြောကြားသွားပါတယ်။
ဂျပန်နိုင်ငံမှာ အိုဆာကာမြို့က စီးပွားရေးအချက်အခြာမြို့တစ်ခုဖြစ်ပြီး တိုကျိုပြီးရင် ဒုတိယအကြီးဆုံးမြို့ပြလည်း ဖြစ်ပါတယ်။

ဂျပန်နိုင်ငံဟာ အဆောက်အအုံအဆင့်အတန်း မြင့်မားပြီး စည်းကမ်းတိတိကျကျ သတ်မှတ်ထားတာကြောင့် မီးလောင်မှုကြီးတွေ ဖြစ်လေ့မရှိသလို အကြမ်းဖက်မှုတွေလည်း ရှားပါးပါတယ်။

လွန်ခဲ့တဲ့ ၁ နှစ်က လူတစ်ဦးက ကျိုတိုရှိ ဂျပန်ကာတွန်းစတူဒီယိုခန်းကို မီးရှို့ခဲ့ပြီး ၃၆ ဦးသေဆုံးခဲ့ကာ ဆယ်စုနှစ်အတွင်း အဆိုးရွားဆုံးအကြမ်းဖက်မှု ဖြစ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း ဟောလိုးဝင်းညမှာ လူတစ်ဦးက ရထားပေါ်ကခရီးသည်ကို ဓားဖြင့်ထိုးခဲ့ပြီး ရထားပေါ်မှာ  မီးရှို့ခဲ့တာကြောင့် အဖမ်းခံခဲ့ရပါတယ်။
Source: CNA