#WorldHealth

Published - 18 December 2021

ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံခဲ့ရပြီး ရောဂါနောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသူအများစုဟာ နောက်တစ်နှစ်ကြာပြီးတာတောင် သိသိသာသာ တိုးတက်ကောင်းမွန်လာခြင်းမရှိကြောင်း လေ့လာချက်တစ်ခုမှာ ဖော်ပြထားပါတယ်။

ကိုဗစ်ရောဂါနောက်ဆက်တွဲဆိုးကျိုးများ ခံစားနေရသူ ၁၀ ယောက်မှာ ၇ ယောက်လောက်က ဆေးရုံကဆင်းပြီး ၁၂ လကြာပြီးတဲ့အထိ မောပန်းနွမ်းနယ်ခြင်း၊ ကြွက်သားနာကျင်ကိုက်ခဲခြင်း၊ အိပ်မပျော်ခြင်း၊ အသက်ရှူရခက်ခဲခြင်း အစရှိတဲ့ဝေဒနာတွေကို ခံစားနေရတယ်လို့ ယူကေကျန်းမာရေးသုတေသနဌာနက ပြုလုပ်တဲ့တွေ့ရှိချက်မှာ ဖော်ပြထားပါတယ်။

ဆေးရုံဆင်းပြီး ၇ လအကြာက အခြေအနေတွေထက်လည်း ထူးခြားသက်သာလာတာမျိုး မရှိပါဘူး။ဒီလိုရောဂါလက္ခဏာတွေ ခံစားနေရတဲ့လူတွေများလာခြင်းက ဝန်ထမ်းရေးရာနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမှာ ဝန်ထုပ်ဝန်ပိုးဖြစ်လာနိုင်တာကြောင့် သုတေသီတွေက ကိုဗစ်နောက်ဆက်တွဲလက္ခဏာတွေကို ပိုမိုနားလည်လာအောင် ကြိုးစားနေကြပါတယ်။

"ယူကေမှာ ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ခဲ့ရသူ သန်းတဝက်ခန့်ရှိမယ်ဆိုရင် ကျန်းမာရေးအားနည်းလာပြီး နောက်ဆက်တွဲလက္ခဏာခံစားရမယ့် လူတွေဘယ်လောက်အထိ ရှိနိုင်မလဲဆိုတာ စဉ်းစားကြည့်ပါ" လို့ လက်စတာတက္ကသိုလ်မှ အသက်ရှူလမ်းကြောင်းရောဂါပရော်ဖက်ဆာ ဒေါက်တာခရစ္စဘရိုက်တ်လင်းက ဆိုပါတယ်။
ကိုဗစ်ရောဂါကြောင့် ဆေးရုံတက်ကုသခံခဲ့ရတဲ့ ယူကေမှ လူ ၂၃၂၀ ယောက်ကို လေ့လာကြည့်ခဲ့တာဖြစ်ပါတယ်။

သူတို့အားလုံးကို ဆေးရုံဆင်းပြီး ၅ လအကြာမှာ စစ်ဆေးခဲ့ကြပြီး ၃ ပုံ ၁ ပုံခန့်ကတော့ ၁ နှစ်ပြည့်လို့ ပြန်လည်စမ်းသပ်စစ်ဆေးဖို့ ရောက်ရှိလာကြပါတယ်။
ကိုဗစ်ရောဂါမပြင်းထန်ခဲ့တဲ့လူနာတွေထက်စာရင် ရောဂါပြင်းထန်စွာခံစားခဲ့ရသူတွေက ရောဂါနောက်ဆက်တွဲလက္ခဏာတွေ ပိုပြီးခံစားရတာကို တွေ့ရှိခဲ့ပါတယ်။

ဆေးရုံတက်နေစဉ်မှာ အသက်ရှူကိရိယာလိုအပ်ခဲ့တဲ့ အဝလွန်အမျိုးသမီးတွေဟာ ရောဂါမှလုံးဝသက်သာနိုင်ချေ နည်းပါးတာကို အထောက်အထားတွေအရ တွေ့ရှိရပါတယ်။
အဆိုပါလူတွေမှာ မှတ်ဥာဏ်ပိုင်းနဲ့ ပတ်သက်ပြီး ပြဿနာအချို့ရှိတာကို တွေ့ရပြီး တစ်ခုခုကို တုံ့ပြန်ဆောင်ရွက်နိုင်တဲ့စွမ်းရည် ကျဆင်းလာပါတယ်။

"ကိုဗစ်နောက်ဆက်တွဲလက္ခဏာ ခံစားနေရသူတွေရဲ့ သွေးနမူနာတွေကနေ ကွဲပြားခြားနားချက်တွေကို တွေ့ရှိခဲ့ပါပြီ။ ဘာကြောင့် ဒီလိုနောက်ဆက်တွဲလက္ခဏာတွေ ဖြစ်ပေါ်လာတာလဲဆိုတာကို သိရတော့မှာပါ"လို့ ဒီလေ့လာချက်ကို ဦးဆောင်စာတမ်းပြုစုသူ မစ္စလူးဝစ်ဝိန်းက သတင်းကောင်းပါးလိုက်ပါတယ်။
Source: The Strait Times