#WorldHealth

Published  - 18 December 2021

လက်ရှိအသုံးပြုနေတဲ့ ကိုဗစ် booster အားမြှင့်ကာကွယ်ဆေးတွေဟာ ကိုရိုနာဗိုင်းရပ်စ်မျိုးဗီဇကွဲအသစ် အိုမီခရွန်ကို ကာကွယ်ပေးနိုင်တာကြောင့် အိုမီခရွန်ကို ပစ်မှတ်ထားကာကွယ်ပေးမယ့် booster အားမြှင့်ကာကွယ်ဆေး ထုတ်လုပ်ဖို့ မလိုအပ်သေးကြောင်း အမေရိကန်ကူးစက်ရောဂါကျွမ်းကျင်ပညာရှင် အန်သိုနီဖော်ချီက ဒီဇင်ဘာ ၁၅ ရက်နေ့က အသိပေးလိုက်ပါတယ်။

"ကျွန်တော်တို့ရဲ့ လက်ရှိ booster အားမြှင့်ကာကွယ်ဆေးတွေက အိုမီခရွန်ကို ကာကွယ်ရာမှာ အသုံးဝင်နေပါတယ်။ ဒါကြောင့်အခုအချိန်မှာ မျိုးဗီဇကွဲအသစ်ကို ပစ်မှတ်ထားကာကွယ်မယ့် booster အားမြှင့်ကာကွယ်ဆေး မလိုအပ်သေးပါဘူး"လို့ ဖော်ချီက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ကူးစက်ရောဂါကုဌာနရဲ့ တွေ့ရှိချက်အရ မိုဒါနာကိုဗစ်ကာကွယ်ဆေး ၂ ကြိမ်ထိုးနှံခြင်းကရတဲ့ ဗိုင်းရပ်စ်ချေဖျက်နိုင်စွမ်းဟာ အိုမီခရွန်ကို ကာကွယ်ရာမှာတော့ ထိရောက်မှုအတော်နည်းပါးနေပါတယ်။

"ဒါပေမဲ့ တတိယအကြိမ်ထိုးပြီး ၂ ပတ်အကြာမှာတော့ ဗိုင်းရပ်စ်ချေဖျက်နိုင်တဲ့ အတိုင်းအတာက မြင့်တက်လာပြီး အိုမီခရွန်ကို ချေဖျက်နိုင်တဲ့အခြေအနေအထိ ရောက်ရှိလာပါတယ်" လို့ မိုဒါနာနဲ့ ကူးစက်ရောဂါကုဌာနတို့ရဲ့ ပူးပေါင်းလေ့လာတွေ့ရှိချက်ကို ဖော်ချီက ရှင်းပြထားပါတယ်။

ဘိုင်အိုတက်ခ်နဲ့ ဖိုင်ဇာကုမ္ပဏီတို့ကလည်း သူတို့ရဲ့ကိုဗစ်ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံခြင်းဖြင့် အိုမီခရွန်ကို ချေဖျက်နိုင်ကြောင်း ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေမှာ တွေ့ရှိထားပေမယ့် ၂ ကြိမ်သာထိုးနှံခြင်းကတော့ antibody ခုခံချေဖျက်အားကို များစွာလျော့နည်းစေတယ်လို့ ထုတ်ဖော်ပြောကြားထားပါတယ်။

J&J ကုမ္ပဏီကတော့ သူတို့ရဲ့ကာကွယ်ဆေးက အိုမီခရွန်မျိုးဗီဇကွဲကို ဘယ်လောက်အထိ ကာကွယ်ပေးနိုင်လဲဆိုတာကို မကြေညာရသေးပါဘူး။
အမေရိကန်အသိအမှတ်ပြု ကာကွယ်ဆေး ၃ မျိုးစလုံးက ဓာတ်ခွဲခန်းစမ်းသပ်ချက်တွေအရ အိုမီခရွန်ကို ကာကွယ်ရာမှာ ထိရောက်မှုအလွန်နည်းပါးကြောင်း တွေ့ရှိထားပေမယ့် booster အားမြှင့်ကာကွယ်ဆေးထိုးခြင်းဖြင့် ရောဂါကာကွယ်နိုင်စွမ်း မြင့်မားလာကြောင်း အင်္ဂါနေ့က သတင်းထုတ်ပြန်လိုက်ပါတယ်။

အမေရိကန်ပြည်နယ် အနည်းဆုံး ၃၆ ခုမှာ အိုမီခရွန်ကူးစက်မှုရှိနေပြီး တိုင်းပြည်အတွင်း ကိုဗစ်ရောဂါဖြစ်ပွားမှုရဲ့ ၃ ရာခိုင်နှုန်းခန့် ပါဝင်နေပါတယ်။ရောဂါကူးစက်မှုအများစုကတော့ ဒယ်လ်တာမျိုးဗီဇကွဲကြောင့်ဖြစ်တယ်လို့ အမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာမှ ဒါရိုက်တာရိုချဲလ်ဝါလန်စကီက ဆိုပါတယ်။

"အမေရိကန်ပြည်ထောင်စုမှာ လာမယ့်အပတ်အတွင်း အိုမီခရွန်ကူးစက်မှုတွေ များလာမယ်လို ခန့်မှန်းရပါတယ်။ အစောပိုင်းတွေ့ရှိချက်တွေအရဆိုရင် အိုမီခရွန်က ဒယ်လ်တာထက် ပိုပြီးကူးစက်မြန်ပါတယ်"လို့ ဝါလန်စကီက ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေးအပြည့်ထိုးပြီးသား အိမ်မှာတင် ကျန်းမာရေးစောင့်ရှောက်မှု ခံယူနေရတဲ့ သူတွေမှာ ကိုဗစ်ရောဂါကူးစက်မှုများလာပေမယ့် booster အားမြှင့်ကာကွယ်ဆေးထိုးထားရင်တော့ ရောဂါကူးစက်နိုင်မှု ၁၀ ရာခိုင်နှုန်းလျော့နည်းသွားကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက ဆိုပါတယ်။
Source: CNA