#WorldPolitics

Published - 14 December 2021

ကမ္ဘာ့ရာသီဥတုဖောက်ပြန်လာမှုကို တကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးနှင့်ဆက်နွယ်ပြီးတင်သွင်းလာတဲ့အဆိုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအများစုက သဘောတူထောက်ခံကြပေမယ့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ  ရုရှားနိုင်ငံက ဒီဇင်ဘာ ၁ ရက်နေ့က ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ပါတယ်။

နိုင်ဂျာနှင့် အိုင်ယာလန်နိုင်ငံတို့ ကျောထောက်နောက်ခံပြုကာရေးဆွဲထားတဲ့ အဲဒီအဆိုမူကြမ်းမှာ ကျယ်ပြန့်တဲ့ပဋိပက္ခ ဟန့်တားရေးမဟာဗျူဟာထဲကို ရာသီဥတုပြောင်းလဲမှုနှင့်ဆက်စပ်သည့် လုံခြုံရေးအန္တရာယ်ကို အချက်အချာကျတဲ့ အစိတ်အပိုင်းအဖြစ် ထည့်သွင်းဖို့ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်ကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံအနက် ၁၂ နိုင်ငံက အဆိုပြုမူကြမ်းကို ထောက်ခံခဲ့ကြပါတယ်။တရုတ်နိုင်ငံက ဆန္ဒမဲမပေးဖို့ဆုံးဖြတ်ခဲ့ပြီး အိန္ဒိယနိုင်ငံကတော့ ကမ္ဘာကြီးပူနွေးလာမှုပြဿနာဟာ နိုင်ငံတကာလုံခြုံရေးကိစ္စနဲ့မဆိုင်ဘဲ စီးပွားရေးတိုးတက်မှုနဲ့ဆိုင်တဲ့ ပြဿနာသာဖြစ်တယ်လို့ ငြင်းဆိုကန့်ကွက်ခဲ့ပါတယ်။

ကုလသမဂ္ဂအကြီးအကဲဟာ  လုံခြုံရေးကောင်စီကတင်ပြလာတဲ့  ရာသီဥတုပြောင်းလဲခြင်း ဆိုင်ရာပြသနာတွေရဲ့ လုံခြုံရေးဆိုင်ရာ ရှုပ်ထွေးမှုတွေကို (၂)နှစ်အတွင်း အစီရင်ခံရမှာဖြစ်ပြီး အဲဒီအန္တရာယ်ကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမယ်ဆိုတဲ့ ထောက်ခံတင်ပြမှုတွေဆောင်ရွက်ရမှာဖြစ်တယ်လို့ အဲဒီ့အဆိုမှာထည့်သွင်းထားပါတယ်။

အမည်မဖော်လိုတဲ့ သံတမန်တစ်ဦးက ဒီအဆိုပြုတင်သွင်းချက်ဟာ တဖက်သတ်ဆန်ဆန် လုပ်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ ရုရှားကဘာလို့ ဆန့်ကျင်ကန့်ကွက်တာလဲဆိုတာကို နားမလည်နိုင်ဘူးလို့ ဆိုပါတယ်။

"ရုရှားတို့ ဗီတိုအာဏာအသုံးပြုခြင်းက ကျိုးကြောင်းဆီလျော်မှုလည်း မရှိဘူး။ ရာသီဥတုဖောက်ပြန်မှုဆိုတာ ဘေးအန္တရာယ်ဖြစ်လာနိုင်တဲ့ ကိစ္စပါပဲ"လို့ ကုသမဂ္ဂမှ အမေရိကန်သံအမတ် လင်ဒါသောမတ်စ်ဂရင်းဖီးလ်က ဆိုပါတယ်။

နိုင်ဂျာနိုင်ငံမှ အထူးကိုယ်စားလှယ် အက်ဘ်ဒူအက်ဘ်ဘယ်ရီက အဆိုပြုမူကြမ်းကို ကန့်ကွက်တာက အမြင်ကျဉ်းတဲ့လုပ်ရပ်ပဲလို့ ပြောလိုက်ပါတယ်။
ကုလသမဂ္ဂအဖွဲ့အစည်းကို ဒုတိယကမ္ဘာစစ်အပြီးမှာ တည်ထောင်ခဲ့ကြပြီး အမြဲတမ်းအဖွဲ့ဝင်တွေဖြစ်တဲ့ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှားနဲ့ တရုတ်တို့က ဗီတိုအာဏာကို ကိုင်ဆောင်ထားကြပါတယ်။

ဆန္ဒမဲပြုပြီးတဲ့နောက်မှာတော့ အိုင်ယာလန်မှ ကုလအထူးကိုယ်စားလှယ် ဂျဲရယ်ဒင်းနယ်လ်ဆင်နဲ့ နိုင်ဂျာမှ အထူးကိုယ်စားလှယ်အက်ဘ်ဘယ်ရီတို့က ဗီတိုအာဏာဖြင့်ပယ်ချခြင်းကို ရှုတ်ချဝေဖန်လိုက်ပါတယ်။

"လုံခြုံရေးကောင်စီက လက်ရှိဖြစ်ပျက်နေတဲ့အတိုင်း လိုက်လျောညီထွေ မပြုနိုင်ဘူးဆိုရင် လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်းရေးကိစ္စတွေမှာ အကျိုးရှိရှိလုပ်ကိုင်နိုင်ကြမှာ မဟုတ်ပါဘူး"လို့ ဆိုပါတယ်။

အီသီယိုးပီးယားနဲ့လစ်ဗျား၊ ဆူဒန်ကိစ္စတွေနဲ့ အာဖရိကအလယ်ပိုင်းကိစ္စတွေမှာလည်း ရုရှားက ဗီတိုအာဏာသုံးပြီး ပယ်ချခဲ့ဖူးပါတယ်။ရုရှားသံအမတ် ဗာဆီလီနီဘန်ဇီယာက ရာသီဥတုဖောက်ပြန်မှုအတွက် အခြားဖိုရမ်တွေနှင့်လုပ်ဆောင်နေကြပြီးဖြစ်တယ်။ ဒီအဆိုပြုတင်သွင်းချက်က ရှုပ်ထွေးစရာတွေ နှင့် နှစ်ခါထပ်လုပ်တာတွေဖြစ်လာနိုင်တယ်လို ဆိုပါတယ်။

"ကျွန်တော်တို့အတွက်တော့  ရာသီဥတုဖောက်ပြန်မှုနဲ့ အကြမ်းဖက်မှုဆက်စပ်နေတယ်ဆိုတာ  သိသာထင်ရှားမှုက အဝေးကြီးမှာပါ လို့ သူကပြောပါတယ်။
Source: CNA