Published: 28 November 2021

အိုမီခရွန်မျိုးဗီဇကွဲကိုတွေ့ရှိခဲ့တဲ့ တောင်အာဖရိကဆရာဝန်က ဗြိတိန်ဟာ မျိုးဗီဇကွဲသစ်နှင့်ပတ်သက်လို့ မလိုအပ်ဘဲ ထိတ်ထိတ်ပျာပျာလုပ်နေတယ်လို့ ဝေဖန်လိုက်ပါတယ်။

သူမရဲ့နိုင်ငံက အိုမီခရွန်ကူးစက်ခံထားရတဲ့ လူနာတွေဟာ အလွန့်အလွန်ပျော့တဲ့ရောဂါလက္ခဏာတွေပဲ ခံစားကြရတာ  တွေ့ရတယ်လို့ အဲဒီဆရာဝန် ဒေါက်တာအိန်ဂျယ်လစ်ခ်ကိုအက်ဇီးက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံဆရာဝန်အသင်း ဥက္ကဋ္ဌတစ်ဦးဖြစ်တဲ့  သူမက အဲဒီမျိုးဗီဇကွဲဟာ ဗြိတိန်မှာ ကျယ်ကျယ်ပြန့်ပြန့် ကူးစက် ထားပြီးနှင့်ပြီလို့ သံသယဝင်နေပါတယ်။ဆေးရုံတက်ရတဲ့ လူနာတစ်ဦးတစ်ယောက်မျှလည်း မတွေ့ရသေးဘူးလို့ဆိုပါတယ်။ အဲဒီအပြင် သူမရဲ့ အခြားသောလုပ်ဖော်ကိုင်ဖက်တွေကလည်း မမြင်မိသေးဘူးလို့ ဖြည့်စွက်ပြောပါတယ်။

ဒါပေမယ့် သူမရဲ့ဗိုင်းရပ်စ်ရဲ့ သွင်ပြင်လက္ခဏာနှင့်ပတ်သက်တဲ့ ယခုလို ပြောကြားချက်ကို အခြားပညာရှင်တွေက သဘောမတူကြပါဘူး။ သူမရထားတဲ့ အချက်အလက်တွေက အကန့်အသတ်သာရှိနေသေးလို့ဖြစ်တယ်လို့ဆိုပါတယ်။

မျိုးစိတ်သစ်တွေ့ပြီးတဲ့နောက်ပိုင်းမှာ စိုးရိမ်ပူပန်မှုတွေကြီးထွားလာကြပြီး ကန့်သတ်မှုအသစ်တွေ ထပ်လုပ်လာကြပါတယ်။ ကာကွယ်ဆေးမတိုးဘဲ ပိုပြီးကူးစက်မြန်မှာကို ပညာရှင်တွေက စိုးကြောက်နေကြပါတယ်။

သို့သော် အဲဒီစိုးရိမ်ထိန့်လန့်မှုတွေကလည်း ယခုထက်ထိ အတည်ပြုလို့တော့မရသေးပါဘူး။

အသက်၃၀စွန်းစအရွယ် အမျိုးသားတစ်ဦးဆီမှာ သူမက အိုမီခရွန်မျိုးဗီဇကွဲကို စတွေ့ရတာလို့ ဆရာဝန်မက ဘီဘီစီရဲ့ အင်ဒရုးမားအစီအစဉ်မှာပြောဆိုခဲ့ပါတယ်။အဲဒီလူနာဟာ နွမ်းလျနေပြီး ခေါင်းနည်းနည်းကိုက်တယ်။ဒါပေမယ့် မြင်တွေ့နေကျ ကိုရိုနာဗိုင်းရပ်စ်ရဲ့ လက္ခဏာတော့ မတွေ့ရဘူးလို့ သူမကပြောပါတယ်။

“ တောင်အာဖရိကမှာ ကျွန်မတို့က လက်တွေ့မြင်ကြရတာ။ ကျွန်မတို့ဟာ ရောဂါကပ်ရဲ့ ဗဟိုချက်မမှာအလုပ်လုပ်နေတယ် ဆိုတာ သတိရကြပါ။ ပိုးက အလွန့်ကိုပျော့ပါတယ်။ ကျွန်မတို့အတွက်တော့ ဒါဟာ အပေါ်ယံယိကပဲ” လို့ ဆက်ပြောပါတယ်။

ဗြိတိန်က မလိုအပ်ဘဲ ထိတ်ထိတ်ပျာပျာဖြစ်နေတာလားလို့မေးတဲ့အခါ “ရှင့်နိုင်ငံထဲမှာ ဒါကရှိနေပြီးသားပဲ။ဒါကိုရှင်လည်း သိထားတယ်။ ကျွန်မပြောမယ်။ဟုတ်တယ်။ ဒီအဆင့်မှာတော့ မလိုအပ်ဘဲထိတ်ပျာပြနေတာအသေအချာပဲ” လို့ပြန်  ဖြေပါတယ်။

“ ဒီအချိန်ကနေ နောင်နှစ်ပတ်လောက်ဆိုရင်တော့ ကျွန်မတို့ တစ်မျိုးပြောကောင်းပြောကြလိမ့်မယ်”

အိုမီခရွန်ရဲ့ ရောဂါလက္ခဏာတွေကို သူမက စာရင်းရေးပြပါတယ်။ အဲဒါတွေက အလွန်ပင်ပန်းနွမ်းနယ်တာ၊ ခေါင်းကိုက်တာ နှင့် ယားကျိကျိနှင့်ချောင်းဆိုတာ တို့ဖြစ်ပါတယ်။ သို့သော်အနံ့နှင့်အရသာ ပျောက်ခြင်းတော့မရှိဘူးလို့ဆိုပါတယ်။

ရှင်တို့ရဲ့ဆရာဝန်တွေက ဒယ်လ်တာရဲ့ ရောဂါလက္ခဏာကိုပဲ အာရုံစိုက်နေတော့ ဒါ(အိုမီခရွန်)ကို လွတ်သွားပုံရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်သွားဖို့ ဒါကသိပ်လွယ်တယ်” လို့ ဒေါက်တာအိန်ဂျယ်လစ်ခ်က ဖြည့်စွက်ပြောပါတယ်။

အိုမီခရွန်ဟာ ကိုရိုနာဗိုင်းရပ်စ်အပျော့စားဆိုတဲ့ သူမရဲ့ မှန်းဆချက်ကို ဗြိတိန်သုတေသနှင့်ဆန်းသစ်ရေးဌာန အမှုဆောင် အရာရှိချုပ် ပါမောက္ခ ဆာ မာ့ခ်ဝေါပေါ့တ်က သဘောမတူပါဘူး။

“ တွေ့ရတဲ့လူက သိပ်နည်းသေးတယ်ဗျာ။ ပြီးတော့ အသက်ငယ်တဲ့သူတွေ။ အဲဒါကြောင့် ဒါဟာ အပျော့စားဆိုပြီး စဉ်းစားဖို့ ကိုအကြောင်းမရှိဘူး” လို့ သူက အယ်ဘီစီနှင့် တနင်္ဂနွေနေ့က တွေ့ဆုံပြောဆိုရာမှာ ပြောကြားပါတယ်။

ဒီအတောအတွင်းမှာပဲ မိုဒါနားရဲ့ ဆေးမှူးချုပ်ကတော့ အိုမီခရွန်ဟာ ကြောက်စရာကောင်းပုံရပေမယ့် အဲဒါကိုတိုက်ဖျက်ဖို့ သူ့ အနေနှင့် အကောင်းမြင်နေတယ်လို့ပြောပါတယ်။

ဆေးမှူးချုပ်ဒေါက်တောပေါဘာတွန်က” ကျွန်တော်တို့မှာ မျှော်လင့်နိုင်စရာ အကြောင်းရှိပါတယ်။ ဒီဗိုင်းရပ်စ်နှင့်ပတ်သက်လို့ ယေဘုယျအားဖြင့် လေ့လာမှုတွေ အများကြီးလုပ်ပြီးပါပြီ” လို့ ပြောပါတယ်။

လာမယ့်ရက်သတ္တပတ်များအတွင်း အိုမီခရွန်အပေါ် လက်ရှိကာကွယ်ဆေးတွေရဲ့ အကျိုးသက်ရောက်မှုနှင့်ပတ်သက်တဲ့ ပိုမိုကောင်းမွန်တဲ့ စိတ်ကူးတွေ သုတေသနပညာရှင်တွေ ရရှိကြပါလိမ့်မယ်လို့ ဒေါက်တာဘာတွန်က ပြောပါတယ်။ တကယ်လို့ ကာကွယ်ဆေးသစ်လိုအပ်တယ်ဆိုရင်  ၂၀၂၂ နှစ်ဆန်းပိုင်းလောက်ကို အမြောက်အမြားထုတ်လုပ်ပေးနိုင်မှာပါ” လို့ သူက ပြောပါတယ်။

Source: metro.co.uk