Published 24 November 2021

နောက်လမှာပြုလုပ်မယ့် ဒီမိုကရေစီထိပ်သီးအစည်းအဝေးပွဲကို တက်ရောက်ဖို့ ဘိုင်ဒန်ရဲ့အစိုးရအဖွဲ့က ထိုင်ဝမ်ကိုဖိတ်ကြားခဲ့ကြောင်း အင်္ဂါနေ့ကဖော်ပြထားပါတယ်။

ဒီဖိတ်ကြားမှုကြောင့် ထိုင်ဝမ်ဟာ သူ့ပိုင်နယ်ကျွန်းလို့ သတ်မှတ်ထားတဲ့ တရုတ်အတွက် အမျက်ထွက်စရာဖြစ်ခဲ့ပါတယ်။

သမ္မတဂျိုးဘိုင်ဒန်က တရုတ်နဲ့ရုရှားတို့ဦးဆောင်တဲ့ အာဏာရှင်အင်အားစုတွေကို အမေရိကန်က ကမ္ဘာ့ခေါင်းဆောင်အဖြစ် ဦးဆောင်ကာ ရဲရင့်စွာရင်ဆိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့နဲ့ ၁၀ ရက်နေ့အတွင်းပြုလုပ်မယ့် အွန်လိုင်းအစည်းအဝေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားမယ့် နိုင်ငံပေါင်း ၁၁၀ ပါဝင်ပါတယ်။

ဒီမိုကရေစီထိပ်သီးအစည်းအဝေးပွဲဟာ ကမ္ဘာတဝန်း လွတ်လပ်ခွင့်နဲ့ လူသားချင်းစာနာမှုတွေ ပျက်စီးယိုယွင်းနေမှုနဲ့ ဒီမိုကရေစီစနစ် နောက်ပြန်ဆွဲမှုတွေကို တားဆီးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

အစည်းအဝေး ဖိတ်ကြားမယ့်စာရင်းထဲမှာ တရုတ်နဲ့ ရုရှားတို့ မပါဝင်ကြပါဘူး။

ယခုလအစောပိုင်းက ဘိုင်ဒန်နဲ့ တရုတ်သမ္မတရှီဂျင်ပင်တို့ အွန်လိုင်းအစည်းအဝေးပြုလုပ်စဉ် ထိုင်ဝမ်အရေးနဲ့ပတ်သက်ပြီး သဘောထားကွဲလွဲမှုတွေ ရှိခဲ့ပါတယ်။

အမေရိကန်တို့က ဘေဂျင်းကို တရုတ်တစ်နိုင်ငံတည်းမူဝါဒတရားဝင်အသိအမှတ်ပြုထားပြီးဖြစ်ကြောင်း ထပ်တလဲလဲပြောဆိုခဲ့ပြီး ထိုင်ဝမ်ရေလက်ကြားတလျှောက် တည်ငြိမ်အေးချမ်းရေးကို တဖက်သတ်ဆန်ဆန် နှောင့်ယှက်ဖျက်ဆီးနေမှုကိုလည်း ပြင်းပြင်းထန်ထန် ဆန့်ကျင်ရှုတ်ချကြောင်း အိမ်ဖြူတော်က ဆိုပါတယ်။

အမေရိကန်က ထိုင်ဝမ်ထောက်ခံသူတွေနဲ့ ထိုင်ဝမ်က ကိုယ်ပိုင်လွတ်လပ်ခွင့်လိုချင်သူများကို ကိုယ့်ပြဿနာကိုယ်ရှာနေသူများဖြစ်ကြောင်း သမ္မတရှီက ရှင်ဟွာသတင်းဌာနကို ပြောကြားခဲ့ပါတယ်။

 

အစည်းအဝေးပွဲကို ဖိတ်ကြားထားတဲ့ နိုင်ငံခေါင်းဆောင်တွေထဲက အာဏာရှင်ဆန်လာတယ်လို့ စွပ်စွဲခံထားရတဲ့သူတွေကို ဒီမိုကရေစီထိပ်သီးအစည်းအဝေးကနေ ဘယ်လိုအရေးယူဆောင်ရွက်နိုင်မလဲဆိုတာကို လူအခွင့်အရေးထောက်ခံသူအဖွဲ့က မေးမြန်းထားပါတယ်။

အစည်းအဝေးပွဲကို ဖိတ်ကြားမယ့်နိုင်ငံတွေထဲမှာ ဒီမိုကရေစီသက်တမ်းရင့်နိုင်ငံတွေဖြစ်တဲ့ ပြင်သစ် ဆွီဒင်နိုင်ငံတို့ပါဝင်သလို ဒီမိုကရေစီစနစ်ခြိမ်းခြောက်ခံနေရတဲ့ ဖိလစ်ပိုင်၊ အိန္ဒိယနဲ့ ပိုလန်နိုင်ငံတို့လည်း ပါဝင်နေပါတယ်။

အာရှမှ အမေရိကန်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ ဂျပန် တောင်ကိုရီးယားနိုင်ငံတို့ ဖိတ်ကြားခဲ့ပေမယ့် ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်တို့လိုနိုင်ငံတွေတော့ မဖိတ်ကြားခဲ့ပါဘူး။

အမေရိကန်မဟာမိတ်နိုင်ငံတွေဖြစ်တဲ့ အီဂျစ်နဲ့ NATO နေတိုးအဖွဲ့ဝင်နိုင်ငံတူရကီတို့လည်း ဖိတ်ကြားခြင်းမခံရပါဘူး။

အရှေ့အလယ်ပိုင်းဒေသမှ နိုင်ငံအနည်းစုသာပါဝင်ပြီး အစ္စရေးလ်နဲ့ အီရတ် ၂ နိုင်ငံသာ ဖိတ်ကြားခံခဲ့ရပါတယ်။

Source: Reuters