#WorldPolitics

Published - 24 November 2021

အခုလအစောပိုင်းအတွင်း အမေရိကန်ဗုံးကြဲလေယာဉ်တွေက နျူကလီးယားလက်နက်များအသုံးပြုကာ ရုရှားနယ်နိမိတ်အနီး ၂၀ ကီလိုမီတာအတွင်းအထိအရပ်မျက်နှာ ၂ ဖက်ကနေ ပျံသန်းပြီး တိုက်ခိုက်မှုပုံစံဇာတ်တိုက်လေ့ကျင့်ခဲ့တယ်လို့ ရုရှားကာကွယ်ရေးဝန်ကြီးက အင်္ဂါနေ့က စွပ်စွဲပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ အမေရိကန်ကာကွယ်ရေးစစ်ဌာနချုပ်တည်ရှိရာ ပန်တဂွန်ကတော့ သူတို့ရဲ့စစ်ရေးလေ့ကျင့်မှုကို ကြိုတင်အသိပေးခဲ့ပြီး နိုင်ငံတကာကျင့်ဝတ်တွေနဲ့အညီ ဆောင်ရွက်ခဲ့ကြောင်း ဆိုပါတယ်။

ယူကရိန်းနိုင်ငံနဲ့ပတ်သက်ပြီး ရုရှားနဲ့အမေရိကန်တို့ နိုင်ငံရေးတင်းမာမှုတွေဖြစ်နေတဲ့အချိန်မှာ ရုရှားတို့က အခုလိုစွပ်စွဲပြောဆိုလိုက်တာဖြစ်ပါတယ်။

ထိုကိစ္စမှာ ရုရှားနိုင်ငံတောင်ဘက်က အိမ်နီးချင်းယူကရိန်းနိုင်ငံကို ရုရှားတို့က တိုက်ခိုက်လာနိုင်တယ်လို့ အမေရိကန်တာဝန်ရှိသူတွေက စိုးရိမ်သတိပေးခဲ့တာဖြစ်ပြီး ရုရှားကတော့ ဒါဟာမှားယွင်းယူဆချက်ဖြစ်ကြောင်း ငြင်းလိုက်ပါတယ်။

ယူကရိန်းကို အမေရိကန်လက်နက်တွေထောက်ပံ့ခြင်း၊ ယူကရိန်းအရှေ့ဘက်က ရုရှားမှထောက်ပံ့ထားတဲ့ ခွဲထွက်ရေးသမားတွေကို ယူကရိန်းတို့က တူရကီထုတ်ဒရုန်းများဖြင့် တိုက်ခိုက်ခြင်း၊ နယ်စပ်နေရာတွေမှာ နေတိုး(NATO)တပ်ဖွဲ့က စစ်ရေးလေ့ကျင့်ခြင်းတွေပြုလုပ်ပြီး ဒါဟာရုရှားကို မထီမဲ့မြင်ပြုရာရောက်တယ်လို့ ရုရှားတို့က ပြန်လည်စွပ်စွဲလိုက်ပါတယ်။

အခုလအတွင်း အမေရိကန်ဗုံးကြဲလေယာဉ်တွေ အများအပြားတွေ့လာရပြီး ရုရှားနိုင်ငံအနား လေယာဉ်အစင်း ၃၀ ခန့်တွေ့ရှိခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးချုပ် ဆာဂျီရွှင်ဂူက ဆိုပါတယ်။

ဒါဟာ ပြီးခဲ့တဲ့နှစ်ကထက် လေယာဉ်ပျံသန်းမှု ၂ ဆမကပိုများလာတာဖြစ်ပါတယ်။ အမေရိကန်တို့က ရုရှားကို နျူကလီယားဗုံးကြဲတဲ့ပုံစံမျိုး လေ့ကျင့်နေတာဖြစ်ကြောင်း ရွှင်ဂူက ရှုတ်ချပြောဆိုလိုက်ပါတယ်။

"Global Thunder လို့ခေါ်တဲ့ အမေရိကန်စစ်ဆင်ရေးတွေ ပြုလုပ်နေတာဖြစ်ပြီး အဆောက်အအုံဗုံးကြဲလေယာဉ် ၁၀ စင်းဖြင့် ရုရှားနိုင်ငံကို အနောက်ဘက်နဲ့အရှေ့ဘက်တွေကနေ နျူကလီးယားလက်နက်တွေနဲ့ ပစ်ခတ်လေကျင့်နေကြတာဖြစ်တယ်။ ကျွန်တော်တို့နယ်နိမိတ်နဲ့ အနည်းဆုံး ၂၀ ကီလိုမီတာအတွင်းမှာ ဖြစ်တယ်"လို့ ရွှင်ဂူကဆိုပါတယ်။

ရုရှားလေကြောင်းရန်ကာကွယ်ရေးအဖွဲ့က အမေရိကန်ဗုံးကြဲလေယာဉ်တွေကို တွေ့ရှိခဲ့တာကြောင့် လိုက်လံစောင့်ကြည့်ခဲ့ကြပြီး ဘာပြဿနာမှမဖြစ်ပွားအောင် ထိန်းသိမ်းခဲ့ပါတယ်။ "ဒီစစ်ရေးလေ့ကျင့်မှုတွေမပြုလုပ်ခင် ဥရောပစစ်ဦးစီးကွပ်ကဲရေးအဖွဲ့၊ မဟာမိတ်အဖွဲ့တွေနဲ့ သေသေချာချာစီစဉ်ခဲ့ပြီး ဝိုင်းဝန်းပူးပေါင်းကြဖို့နဲ့ လေ့ကျင့်မှုကိုအကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ခဲ့ကြပါတယ်။ အပြည်ပြည် ဆိုင်ရာ ငြိမ်းချမ်းရေးကျင့်ဝတ်တွေနဲ့လည်း ညီအောင် သတိပြုဆောင်ရွက်ခဲ့ပါတယ်"လို့ ပန်တဂွန်မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးအန်တန်စမဲလ်ရော့သ်က ဆိုပါတယ်။

ရုရှားနဲ့အမေရိကန်တို့မှ အထက်အရာရှိတွေက တယ်လီဖုန်းဖြင့်ပြောဆိုဆွေးနွေးခဲ့ကြပြီး ပြောဆိုတဲ့အကြောင်းအရာတွေကိုတော့ ဘယ်သူကမှ ထုတ်ဖော်ခြင်းမရှိပါဘူး။ အမေရိကန်တို့ရဲ့ B-52 နျူကလီးယားဗုံးကျဲလေယာဉ်တွေပါဝင်တဲ့ Global Thunder စစ်ဆင်ရေးဟာ အမေရိကန်တို့ နျူကလီးယားအသုံးချနိုင်စွမ်းကို ဖော်ပြနေတာဖြစ်ပါတယ်။

ရုရှားသမ္မတဗလာဒီမီယာပူတင်ကလည်း ဒီလိုလက်နက်လေယာဉ်တွေကို ရုရှားအနီးမှာ စစ်ရေးလေ့ကျင့်ခြင်းကို ဝေဖန်လိုက်ပြီး စည်းမကျော်ဖို့သတိပေးချက်ကို ပေါ့ပေါ့ဆဆသဘောထားတာဖြစ်ကြောင်း ဆိုပါတယ်။

အမေရိကန်ဗုံးကြဲလေယာဉ်တွေ ရုရှားအရှေ့ဘက်နယ်စပ်မှာ ပျံသန်းလေ့ကျင့်တာဟာ တရုတ်ကိုလည်း ခြိမ်းခြောက်တဲ့သဘောဖြစ်ကြောင်း ရွှင်ဂူက တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ ဗွီဒီယိုအစည်းအဝေးမှာ ပြောလိုက်ပါတယ်။

အခုလိုအခြေအနေကြောင့် တရုတ်နဲ့ရုရှားတို့ ပူးပေါင်းစစ်ရေးလေ့ကျင့်မှုတွေနဲ့ ပူးပေါင်းကင်းလှည့်ခြင်းတွေကို အရှိန်မြှင့်ဆောင်ရွက်သွားဖို့ သဘောတူညီခဲ့ကြကြောင်း ကာကွယ်ရေးဝန်ကြီးဌာနကဆိုပါတယ်။

Source: Reuters