#WorldHealth

Published - 24 November 2021

ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ ကိုယ်ဝန်ဆောင်ချိန် ၂၇ ပတ်မှ ၃၁ ပတ်အတွင်း ကိုဗစ်ကာကွယ်ဆေးထိုးနှံပါက မွေးဖွားလာမယ့်ကလေးဆီကို ကိုဗစ်ရောဂါပိုးကိုခုခံမယ့် antibody တွေ ပိုပြီးရရှိစေနိုင်ကြောင်း ဂျေရူဆလင်မှ ဟေဘရူးတက္ကသိုလ်နဲ့ ဟတ်ဒါဆာဆေးတက္ကသိုလ်စင်တာတို့က လေ့လာတွေ့ရှိထားပါတယ်။

ထိုလေ့လာချက်ကို ကိုယ်ဝန်ဆောင်ချိန် တတိယအပိုင်းအခြားကာလရဲ့ အစောပိုင်းဖြစ်တဲ့ ၂၇ ပတ်မှ ၃၁ ပတ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းနဲ့ ၃၂ ပတ်မှ ၃၆ ပတ်အတွင်း ကာကွယ်ဆေးထိုးနှံခြင်းတို့ကို နှိင်းယှဉ်ပြီး မိခင်မှ ကလေးဆီ antibody ခုခံအားရောက်ရှိပုံကို လေ့လာခဲ့ကြပါတယ်။

အဆုံးသတ်ခြုံကြည့်တဲ့အခါမှာ ကိုယ်ဝန်ဆောင်ချိန် တတိယအပိုင်းအခြားကာလရဲ့ အစောပိုင်းမှာ ကာကွယ်ဆေးထိုးတဲ့မိခင်တွေမှ မွေးဖွားလာတဲ့ကလေးငယ်တွေက ရောဂါပိုးကို ပိုမိုခုခံနိုင်ကြောင်း တွေ့ရှိခဲ့တယ်လို့ သုတေသီပညာရှင် ဒေါက်တာဒါနာဂျီဝုဖ်က ဆိုပါတယ်။

ကူးစက်မှုနှုန်းမြင့်တဲ့နေရာတွေမှာ နေထိုင်တဲ့အမျိုးသမီးတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ တွေဝေမနေသင့်ဘူးလို့ ဒေါက်တာဝုဖ်က တိုက်တွန်းလိုက်ပါတယ်။၂၀၂၁ ဖေဖော်ဝါရီနဲ့ ဧပရယ်လအကြား ဟတ်ဒါဆာရှိ မီးဖွားမယ့်ကိုယ်ဝန်ဆောင် ၁၇၁ ဦးကို လေ့လာခဲ့ကြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တတိယကာလအပိုင်းအခြားရဲ့ အစောပိုင်းမှာ ၈၃ ဦးကို ကာကွယ်ဆေးထိုးနှံခဲ့ပြီး တတိယကာလအပိုင်းအခြားရဲ့ နှောင်းပိုင်းမှာတော့ ၈၈ ဦးကို ကာကွယ်ဆေးထိုးနှံခဲ့ကြရာ ကာကွယ်ဆေးထိုးနှံသူအားလုံး SARS-Cov-2 ရောဂါပိုးကိုခုခံနိုင်မယ့် antibody ထွက်ရှိတာကို တွေ့ရှိရပါတယ်။

antibody ခုခံအားတွေဟာ မိခင်ကနေ သန္ဓေသားဆီကို အချင်းကနေဖြတ်သန်းရောက်ရှိသွားကြပါတယ်။ဒီနောက်မှာတော့ လေ့လာတွေ့ရှိချက် ၂ မျိုး ကောက်နုတ်လို့ရခဲ့ပါတယ်။ တတိယအပိုင်းအခြားကာလရဲ့ နှောင်းပိုင်းမှာ ကာကွယ်ဆေးထိုးခဲ့တဲ့မိခင်မှ မွေးဖွားလာတဲ့ကလေးငယ်တွေမှာ အစောပိုင်းကာကွယ်ဆေးထိုးခဲ့တဲ့မိခင်မှ မွေးဖွားလာတဲ့ကလေးငယ်တွေထက် antibody ပမာဏ ၄၀ ရာခိုင်နှုန်း ပိုနည်းတာကို တွေ့ရှိရပါတယ်။

အစောပိုင်းမှာကာကွယ်ဆေးထိုးခဲ့တဲ့ မိခင်မှမွေးဖွားလာတဲ့ကလေးငယ်တွေရဲ့ antibody ပမာဏဟာ သူတို့မိခင်ရဲ့ antibody ပမာဏထက် ၂ ဆမျှရှိနေပါတယ်။ နှောင်းပိုင်းမှကာကွယ်ဆေးထိုးခဲ့တဲ့ မိခင်မှမွေးဖွားလာတဲ့ကလေးငယ်တွေရဲ့ antibody ပမာဏကတော့ မိခင်ရဲ့ antibody နဲ့ ပမာဏအတူတူလောက် ရှိနေပါတယ်။

လေ့လာတွေ့ရှိချက်တွေအရ ကိုယ်ဝန်ဆောင်မိခင်တွေနဲ့ မွေးကင်းစကလေးငယ်တွေဟာ ကိုဗစ်ရောဂါကို ပြင်းထန်စွာခံစားရနိုင်ချေရှိပါတယ်။ အစ္စရေးလ်နိုင်ငံမှာ ကိုဗစ်တတိယလှိုင်းအတွင်း ကာကွယ်ဆေးမထိုးထားတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ရောဂါပိုးကူးစက်ခံခဲ့ရကာ ကိုယ်ဝန်သက်တမ်းမစေ့ခင် မီးဖွားခဲ့ရသူတွေရှိခဲ့ပြီး ကိုဗစ်ကူးစက်ရာကနေ မီးဖွားစဉ် ကလေးအသက်ဆုံးရှံးရမှုတွေ ရှိခဲ့ပါတယ်။

ဖိုင်ဇာနဲ့ မိုဒါနာကာကွယ်ဆေးတိုဟာ ကိုယ်ဝန်ဆောင်မိခင်တွေမှာ ဘေးကင်းစိတ်ချစွာ ထိုးနှံလို့ ရကြောင်း တွေ့ရှိခဲ့ကြပြီး WHO ကလည်း ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအနေနဲ့ ကာကွယ်ဆေးထိုးဖို့ ညွှန်ကြားထားပါတယ်။

ကိုယ်ဝန်ဆောင်ချိန် တတိယအပိုင်းအခြားကာလအတွင်း antibody ခုခံအားဟာ မိခင်ကနေ ကလေးဆီရောက်ရှိသွားကြောင်း တွေ့ရှိခဲ့ကြပြီး ပထမကာလနဲ့ ဒုတိယကာလအပိုင်းအခြားတွေမှာ ကာကွယ်ဆေးထိုးရင် ကြုံတွေ့လာနိုင်တဲ့ အခြေအနေတွေကို လေ့လာလျက်ရှိပါတယ်။

Source: The Jerusalem Post