#WorldHealth

Published-  24 November 2021

ကိုဗစ်ရောဂါကို ပိုမိုဆိုးရွားစွာခံစားရနိုင်တဲ့သူတွေမှာ သွေးချိုဆီးချိုရောဂါသည်တွေ နှလုံးရောဂါသည်တွေအပြင် စိတ်ရောဂါအခံရှိသူများလည်း ပါဝင်နေပါတယ်။ စိတ်ကျန်းမာရေးအားနည်းသူတွေမှာ ကိုဗစ်ရောဂါကူးစက်မှုနဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ပိုမိုခံစားရနိုင်ကြောင်း လေ့လာတွေ့ရှိကြပြီးနောက် စိတ်ရောဂါခံစားနေရသူတွေမှာ booster အားမြှင့်ကာကွယ်ဆေးကို စောစောစီးစီးထိုးပေးဖို့ ဦးစားပေးလာကြပါတယ်။

ပြီးခဲ့တဲ့နှစ်အတွင်း နယူးဟေဗင်ရှိ ဆေးရုံ ၅ ရုံမှ ကိုဗစ်ရောဂါကူးစက်မှုကြောင့် ဆေးရုံတက်ကုသနေရတဲ့ စိတ်ရောဂါဝေဒနာရှင်တွေကို တခြားလူနာတွေနဲ့ နှိင်းယှဉ်ကြည့်ခဲ့ကြပါတယ်။ "စိတ်ရောဂါအခံရှိသူတွေမှာ သေဆုံးနိုင်ချေပိုမြင့်မားကြောင်း တွေ့ရှိခဲ့ရပါတယ်"လို့ ယေးလ်တက္ကသိုလ်မှ စိတ်ရောဂါဆရာဝန်ဒေါက်တာလူမင်လီက ဆိုပါတယ်။

စိတ်ရောဂါဝေဒနာခံစားရသူတွေက အခြားသူတွေထက် ကိုဗစ်ရောဂါကြောင့်သေဆုံးနိုင်ချေ ၅၀ ရာခိုင်နှုန်းပိုများကြောင်း ဆိုပါတယ်။ အခြားလေ့လာချက်တစ်ခုမှာလည်း စိတ်ကျန်းမာရေးအားနည်းသူတွေက ရောဂါပိုးကူးစက်နိုင်ချေပိုများကြောင်း၊ ရောဂါကူးစက်ပြီဆိုရင်လည်း ဆေးရုံတက်ကုသရမှုနဲ့ သေဆုံးမှုပိုဖြစ်နိုင်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

ဒီလိုဖြစ်ရတဲ့အကြောင်းအရင်းတွေကတော့ စိတ်ရောဂါဝေဒနာရှင်တွေက ရောဂါပိုးကူးစက်ခံရခြင်း မဖြစ်အောင်ဘယ်လိုကာကွယ်ရမလဲဆိုတာကို သိရှိမှုအားနည်းတာကြောင့် ဖြစ်နိုင်ပါတယ်။

သူတို့အနေနဲ့ ခပ်ခွာခွာနေထိုင်ခြင်းတွေ၊ နှာခေါင်းစည်းတပ်ဆင်ခြင်းတွေမှာ အားနည်းတတ်ပါတယ်။နောက်တစ်ချက်က စိတ်ရောဂါအခံရှိသူတွေဟာ ကျန်းမာရေးချို့တဲ့တတ်ကြပြီး ဆီးချိုရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ နာတာရှည်ရောဂါတွေလည်း ဖြစ်နိုင်ချေရှိနေပါတယ်။

သူတို့ဟာ စိတ်ရောဂါအခြေအနေတွေအပြင် အခြားရောဂါတွေကြောင့်လည်း ပုံမှန်ထက်သက်တမ်းနည်းပါးစွာ နေထိုင်ကြရပါတယ်။နာတာရှည်ရောဂါတွေ အစပျိုးနေချိန်မှာ သူတို့က ဂရုစိုက်ရကောင်းမှန်းလည်း မသိကြပါဘူး။

အမေရိကန်မှာ စိတ်ရောဂါခံစားနေရသူ ၁၃ သန်းလောက်က Medicaid ကျန်းမာရေးစောင့်ရှောက်မှုမှာ ကုသခံနေကြပြီး ၄၀ ရာခိုင်နှုန်းလောက်ကတော့ ကျန်းမာရေးစောင့်ရှောက်မှု လုံးဝမရရှိပါဘူး။

ဒီအခြေအနေတွေကြောင့် ရောဂါထိန်းချုပ်ကာကွယ်ရေးစင်တာက စိတ်ရောဂါဝေဒနာခံစားရသူတွေမှာ ဦးစားပေးပြီး ကိုဗစ်ကာကွယ်ဆေးထိုးပေးဖို့ ညွှန်ကြားထားတာဖြစ်ပါတယ်။ စိတ်ရောဂါခံစားရသူတွေနဲ့ တွေ့တဲ့အခါ သတိထားဆက်ဆံဖို့လည်း အရေးကြီးကြောင်း အကြံပေးထားပါတယ်။

Source: NPR