#WorldTravel

Published  - 23 November 2021

ဒီဇင်ဘာလအစပိုင်းမှာ နိုင်ငံခြားဗီဇာကိုင်ဆောင်သူများကို ဩစတြေးလျနိုင်ငံက ပြန်လည်ဝင်ခွင့်ပြုတော့မှာဖြစ်ကြောင်း ဝန်ကြီးချုပ်စကော့မော်ရစ်ဆန်က တနင်္လာနေ့က ဆိုလိုက်ပြီး နိုင်ငံရဲ့စီးပွားရေး ပြန်လည်ထူထောင်ဖို့ နိုင်ငံတကာခရီးသွားလာရေးလုပ်ငန်းတွေကို ပြန်လည်စတင်လိုက်တဲ့ခြေလှမ်းဖြစ်ပါတယ်။

ဩစတြေးလျနိုင်ငံမှာ ကိုဗစ်ရောဂါပျံ့ပွားမှုကို ထိန်းချုပ်နိုင်ရန်အတွက် ၂၀၂၀ မေလမှစတင်ကာ နိုင်ငံကူးသွားလာခွင့်ကို ပိတ်ပင်ထားခဲ့တာဖြစ်ပြီး နိုင်ငံတွင်းနေထိုင်သူနဲ့ နိုင်ငံသားအချို့ကိုသာ အကန့်အသတ်နဲ့ သွားလာခွင့်ပြုထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်တွေက နိုင်ငံသားခံယူထားတဲ့မိသားစုဝင်များကို ပြန်လည်ဝင်ခွင့်ပေးဖို့ ကန့်သတ်ချက်အချို့ကို ဖြေလျှော့ခဲ့ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး ကာကွယ်ဆေးထိုးထားတဲ့ ကျောင်းသူကျောင်းသားတွေ၊ လုပ်ငန်းဗီဇာကိုင်ဆောင်ထားသူတွေနဲ့ နိုင်ငံထဲခိုလှုံသူတွေကို ဝင်ခွင့်ပေးဖို့ စီစဉ်ထားကြောင်း မော်ရစ်ဆန်ကဆိုပါတယ်။

"ကျွမ်းကျင်အလုပ်သမားတွေနဲ့ ပညာသင်ယူမယ့်ကျောင်းသားတွေ ပြန်လည်ရောက်ရှိလာဖို့က နိုင်ငံစီးပွားရေးလည်ပတ်ဖို့ အရေးကြီးကဏ္ဍဖြစ်ပါတယ်"လို့ မော်ရစ်ဆန်က သတင်းထောက်တွေကို ပြောသွားခဲ့ပါတယ်။

ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး တောင်ကိုရီးယားနိုင်ငံနဲ့ ဂျပန်နိုင်ငံမှ ကာကွယ်ဆေးထိုးထားတဲ့ ခရီးသွားဧည့်သည်တွေကိုလည်း ဩစတြေးလျက ဝင်ခွင့်ပြုသွားမှာဖြစ်ပါတယ်။ နိုင်ငံတကာမှ ကျောင်းသားကျောင်းသူများ ပညာလာရောက်သင်ယူခြင်းက ဩစတြေးလျနိုင်ငံစီးပွားရေးအတွက် ဒေါ်လာ ၂၅ ဘီလီယံခန့်အထိ ရရှိစေတာဖြစ်ပြီး ပညာရေးအခန်းကဏ္ဍအတွက် အလွန်အရေးကြီးတဲ့အစိတ်အပိုင်း ဖြစ်နေပါတယ်။

အောက်တိုဘာလကုန်အထိ ဩစတြေးလျဗီဇာကိုင်ဆောင်ထားတဲ့ နိုင်ငံခြားသား ၂၃၅၀၀၀ ကျော်ရှိပြီး ကျောင်းသားအရေအတွက်က ၁၆၀၀၀၀ ခန့်အထိရှိကြောင်း အစိုးရက အချက်အလက်တွေဖော်ပြထားပါတယ်။

ဩစတြေးလျတက္ကသိုလ် အတော်များများမှာ စာရင်းသွင်းတက်ရောက်တဲ့ ကျောင်းသားကျောင်းသူတွေအနက် နိုင်ငံတကာမှလာရောက်တဲ့ ကျောင်းသားတွေက ၂၁ ရာခိုင်နှုန်းအထိရှိပါတယ်။

နိုင်ငံသွားလာခွင့်ပိတ်ပင်မှုကြောင့် တက္ကသိုလ်ကောလိပ်တွေအနေနဲ့ ဝန်ထမ်းပေါင်းရာကျော်ကို အလုပ်နားခိုင်းထားရပါတယ်။ဩစတြေးလျနိုင်ငံကို ဝင်လို့မရတာကြောင့် ကျောင်းသားတွေက ၂၀၂၂ ခုနှစ်မှာ လူတွေ့စာသင်ကြားခြင်း မပြုလုပ်နိုင်ပါက တခြားတက္ကသိုလ်တွေကို ပြောင်းတက်မယ်ဆိုပြီး အသံထွက်ခဲ့တာဖြစ်ပါတယ်

အလုပ်သမားရှားပါးလာမှုကြောင့် စီးပွားရေးပြန်လည်ထူထောင်ရာမှာ အခက်အခဲမရှိစေဖို့ နိုင်ငံဝင်ခွင့်ကန့်သတ်ချက်တွေကို ဖြေလျှော့ပေးပြီး အလုပ်သမားရှားပါးမှုပြဿနာကို ဖြေရှင်းပေးနိုင်ဖို့ လည်း မျှော်လင့်နေကြပါတယ်။

"ဝန်ထမ်းအင်အားလိုအပ်နေတဲ့ လုပ်ငန်းကြီး လုပ်ငန်းငယ်တွေအတွက် ဝမ်းသာစရာသတင်းဖြစ်ပါတယ်"လို့ စီးပွားရေးအကြံပေးကောင်စီမှ စက်မှုစီးပွားရေးအမှုဆောင်ချုပ် ဂျန်နီဖာဝက်စ်တာကော့က ဆိုပါတယ်။

နိုင်ငံဝင်ခွင့်ကန့်သတ်မှု၊ လော့ဒေါင်းချခြင်းနဲ့ ခပ်ခွာခွာနေထိုင်ခြင်းတို့ကြောင့် အခြားနိုင်ငံတွေနဲ့ယှဉ်ရင် ဩစတြေးလျနိုင်ငံက ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အတော်အတန်နည်းပါးခဲ့ပါတယ်။

တနင်္လာနေ့အထိ ဗစ်တိုးရီးယားပြည်နယ်နဲ့ နယူးဆောက်ဝေးလ်စ်ပြည်နယ်တို့မှာ ရောဂါကူးစက်မှုအနည်းငယ်ရှိခဲ့ပြီး အခြားနေရာတွေမှာတော့ ရောဂါကူးစက်မှု မရှိသလောက်နည်းပါးခဲ့ပါတယ်။

Source: Reuters